
ရခိုင်-မကွေး ရိုးအစပ်နေရာတွေအပါအဝင် နေရာ ၄ ခုမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တို့ အပြန်အလှန် ထိုးစစ်တွေနဲ့အတူ တိုက်ပွဲပြင်းထန်နေပြီး အမ်း-မကွေး ရိုးလမ်း တိုက်ပွဲတွေမှာတော့ စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ အမ်း-ပဒါန်းရိုးလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်း ရှိတဲ့နေရာတွေနဲ့ အမ်းမြို့နယ်၊ တလိုင်းတောင်-သဖန်ရောင်လမ်းပေါ်က နေရာတွေမှာ အောက်တိုဘာလဆန်းကစလို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“နတ်ရေကန်ဗျူဟာကုန်းကိုသွားတဲ့လမ်းမှာရှိတဲ့ ပဇီနဲ့ဂုတ်ကြီးမှာ ဖြစ်နေတာကြာပြီ။ အခုရက်ပိုင်း ပိုပြင်းထန်တယ်။ နောက်တခုက အမ်းတလိုင်းတောင်လမ်းမှာလည်း စစ်ကောင်စီဘက်က AA ကို ထိုးစစ်ဆင်လို့ ဖြစ်တယ်” လို့ ပြောပါတယ်။
အမ်း-မကွေး ရိုးလမ်း တိုက်ပွဲတွေမှာတော့ စစ်တပ်ဘက်က အကျအဆုံးများပြီး ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို ကား ၇ စီးနဲ့ ပဒါန်းမြို့နယ် မစခ ၉၀၅ နဲ့ ကပစ ၁၄ ဆီကို ပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ပေါက်တော(ခ)ဝီရဌာနီမြို့နယ် ငပြီကျွန်းမှာ မနေ့က အောက်တိုဘာ ၃၁ ရက် ညသန်းခေါင်းယံအချိန် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု များနေတယ်လို့ ဝီရဌာနီမြို့နယ်က ဒေသခံစစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ပေါက်တော ငပြီကျွန်းမှာ မနေ့က တိုက်ပွဲတအားပြင်းတယ်။ AA ဘက်ကရော စစ်ကောင်စီဘက်ကရော နှစ်ဖက် အကျအဆုံးများတယ်။ တညလုံး ဗုံးကြဲတယ်။ ပြီးတော့ ဒီမနက်လည်း ပေါက်တော ရွာချောင်းကြီးမှာ ဗုံးကြဲတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းနဲ့အဝတောင်၊ တောင်မော်ဦးရေတပ် အနီးဝန်းကျင်မှာလည်း နှစ်ဖက် ထိုးစစ်ကြောင့် အောက်တိုဘာ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကျောက်ဖြူမှာက တောင်မော်ဦးဝန်းကျင်မှာ ပိုပြင်းတယ်။ တောင်မော်ဦးရေတပ်စခန်းက မသိမ်းသေးဘူး။ စစ်ကောင်စီဘက်က စစ်ကြောင်းတွေခွဲပြီး စစ်ကြောင်းထိုးရင်းနဲ့ဖြစ်နေကြတာပါ” လို့ ပြောပါတယ်။
AA ကလည်း အာရက္ခဒေသနဲ့ ထိစပ်နေတဲ့ စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ပုံမှန်ဖြစ်နေတယ်လို့ အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းနိုင်တာတွေ ရှိတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။











