
အမေရိကန်နိုင်ငံမှာ စက်တင်ဘာလအတွင်း စိုက်ပျိုးရေးကဏ္ဍမဟုတ်တဲ့ အလုပ်အကိုင်သစ် ၂၉,၀၀၀ သာ တိုးတက်ခဲ့ပြီး မျှော်မှန်းထားတာထက် အများကြီး လျော့နည်းခဲ့ပါတယ်။
အလုပ်လက်မဲ့နှုန်းမှာလည်း ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ အမေရိကန်အ လုပ်သမားရေးရာ စာရင်းအင်းဌာနက အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလအတွင်း အလုပ်အကိုင်တိုးတက်မှုနှုန်း အားနည်းခဲ့ခြင်းဟာ ဩဂုတ်လမှာ အလုပ်အကိုင်သစ် ၁၃၃,၀၀၀ တိုးတက်ခဲ့မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး လွန်ခဲ့တဲ့ ၁၂ လတာကာလ အတွင်း ပျမ်းမျှလစဉ်တိုးတက်မှုနှုန်းဖြစ်တဲ့ ၄၅,၀၀၀ အောက်မှာသာ ရှိနေခဲ့တာပါ။
အစီရင်ခံစာအရ စက်တင်ဘာလမှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အလုပ်အကိုင်သစ် ၁၇,၀၀၀ တိုးတက်ခဲ့ပြီး ဆောက်လုပ်ရေးကဏ္ဍမှာ ၁၁,၀၀၀ နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၉,၀၀၀ အသီးသီး တိုးတက်ခဲ့ပါတယ်။
ဩဂုတ်လမှာ အလုပ်အကိုင်ပေါင်း ၄၄,၀၀၀ တိုးလာခဲ့ပြီးတဲ့နောက် အစိုးရကဏ္ဍမှာရှိတဲ့ အလုပ်အကိုင်အရေအတွက် ၁၇,၀၀၀ ကျဆင်းသွားခဲ့ပါတယ်။
တချိန်တည်းမှာ ဘဏ္ဍာရေးလုပ်ငန်းနဲ့ စီးပွားရေးဝန်ဆောင်မှုကဏ္ဍတို့မှာလည်း အလုပ်အကိုင် ၇,၀၀၀ နဲ့ ၉,၀၀၀ အသီးသီး လျော့ကျသွားခဲ့ပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍပြင်ပ အလုပ်အကိုင်ဆိုင်ရာ နောက်ဆုံး ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးတဲ့နောက်၊ အမေရိကန်ဗဟိုဘဏ်ရဲ့ အောက်တိုဘာလ ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးမှာ အတိုးနှုန်း ထပ်တိုးနိုင်တယ်ဆိုတဲ့ ဈေးကွက် မျှော်လင့်ချက်တွေ လျော့ပါးသွားခဲ့ပါတယ်။
လစဉ် အချက်အလက်တခုတည်းကို ကြည့်ပြီး လွန်လွန်ကဲကဲ ကောက်ချက်မချသင့်ဘူးလို့ လေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။
မကြာသေးမီက လုပ်ခဲ့တဲ့ စစ်တမ်းတခုရဲ့ အချက်အလက်တွေအရ အမေရိကန်လုပ်သားတွေရဲ့ အလုပ်အကိုင် လုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုမှာ လွန်ခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း အမြင့်ဆုံး အဆင့်ကို ရောက်နေပြီး၊ ၄၄ ရာခိုင်နှုန်းသော လုပ်သားတွေက လာမဲ့နှစ်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။










