
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဟာ မြန်မာပြည်တွင်းပြဿနာတွေကြောင့် ရေတိုနဲ့ ကာလလတ်အတွင်း ဘယ်လိုမှ အကောင်အထည် မပေါ်နိုင်တော့ကြောင်း ပထဝီနိုင်ငံရေး ကျွမ်းကျင်သူ၊ အိန္ဒိယကြည်းတပ် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဥဂျူအယ်လ် အဘီရှက်ဂျာက အိန္ဒိယအရှေ့မြောက်ပိုင်း အခြေစိုက် The Frontier Manipur မီဒီယာမှာ ဆောင်းပါးရေးသားခဲ့တာပါ။
အောက်တိုဘာ ၁၀ ရက်မှာ ထွက်ပေါ်လာတဲ့ ဆောင်းပါးဟာ အမေရိကန်-မြန်မာ ဆက်စပ်သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေချိန်မှာ အိန္ဒိယဘက်က အချိန်ကိုက်ထွက်ပေါ်လာတဲ့ ဆောင်းပါးဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဆောင်းပါးမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ဒေသအလိုက် အပိုင်းခွဲပြီး ဆောင်းပါးရှင်က သုံးသပ်ထားတာဖြစ်ပြီး မူဆယ်–မန္တလေး–ကျောက်ဖြူ ရထားလမ်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် နေရာတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် စီမံကိန်း ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ကြောင်း ကောက်ချက်ဆွဲထားတာ ဖြစ်ပါတယ်။
အဲဒါအပြင် ကျပ်ငွေတန်ဖိုးပျက်စီးမှုနဲ့ စစ်ရေးပြဿနာ နောက်ဆက်တွဲတွေကြောင့် တရုတ်ရဲ့ချေးငွေတွေကို မြန်မာနိုင်ငံဘက်က ပြန်ဆပ်နိုင်ဖို့ အလားအလာ မရှိတာကိုလည်း ထောက်ပြထားပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတခုတည်းပဲ လုပ်ငန်းလည်ပတ်နေပြီး အဲဒီလုပ်ငန်းဟာလည်း လုံခြုံရေးခြိမ်းခြောက်ခံရတဲ့ အခြေအနေအောက်ကို ရောက်နေတာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “CME လေ China-Myanmar Economic Corridor အဲဒါကလည်း အိန္ဒိယက ဆောင်းပါးတခု ထွက်လာတယ်။ CMEC က လုံးဝမဖြစ်နိုင်ဘူးဆိုတာလေ၊ ဖြစ်နိုင်ခြေအရမ်းနည်းသွားပြီပေါ့ အခုအခြေအနေနဲ့။ ပြီးတော့မှ မြစ်ဆုံကို ကြည့်တော့လည်း မြစ်ဆုံက လုံးဝဖြစ်နိုင်ခြေနည်းနေပြီ။ အဲဒါကို အတင်း ဖြစ်စေချင်တာက မင်းအောင်လှိုင်တို့ဘက်က ဖြစ်စေချင်တာ။ အခု အမေရိကန်နဲ့ ဆက်ဆံတယ်ဆိုတာ တရုတ်က သဘောကျမှာမဟုတ်ဘူး။ တရုတ်ခိုင်းလို့ လုပ်ရင်တော့ သူတို့နောက်က မဟာဗျူဟာရှိရင်တော့ တမျိုးပေါ့နော်။ မရှိဘဲနဲ့ သူတို့ဟာသူတို့ လုပ်တယ်ဆိုရင် တရုတ်က သူတို့ကို ပိုပြီးတော့ တင်းကျပ်လာဖို့လေ။ ချုပ်ကိုင်မှု တင်းကျပ်လာဖို့ အလားအလာရှိတယ်လို့ ကျနော်မေးစမ်းကြည့်တဲ့လူတွေရော၊ အေအိုင် အချက်အလက် လေ့လာဆန်းစစ်ချက်တွေ အများကြီးလုပ်တယ်ဗျာ။ အဲဒါ အကုန်လုံးက အဲဒါမျိုးပြောနေကြတာ။ ဒါပေမဲ့ ကျနော် သူတို့ ဒီလောက်တုံးလိမ့်မယ်မထင်ဘူး။ ပြောလို့တော့မရဘူး၊ ဒါပေမဲ့ ကျနော်ကတော့ လျှော့မတွက်စေချင်ဘူး။ သူတို့ လှည့်ကွက် ဘာရှိလဲဆိုတာလေ။ အဲဒါတွေကို စဉ်းစားထားပြီးတော့ ကျနော်တို့က A ဆိုရင်ဘယ်လို တုံ့ပြန်မလဲ၊ B ဖြစ်ရင် ဘယ်လိုတုံ့ပြန်မလဲ၊ အဲဒီလို ကိန်းသေတွက်လို့က အခုခေတ်က ဘယ်လိုမှမရဘူးလေ” လို့ ပြောပါတယ်။
သမ္မတရာထူး ဖန်တီးရယူခဲ့တဲ့ စစ်အာဏာရှင်ကို အိန္ဒိယနိုင်ငံက ဇွန်လဆန်းမှာ ပထမဆုံး ဖိတ်ကြားတွေ့ဆုံခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီရဲ့ ခြေလှမ်းဟာ တရုတ်အစိုးရအပေါ် လက်ဦးမှု ယူချင်တဲ့သဘော ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ စစ်အာဏာရှင်ဟာ သံတမန်ရေးရာခြေလှမ်းတွေ ဆက်တိုက်ထိုးဖောက်ခဲ့ပြီး လတ်တလောမှာ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းလာနိုင်ခြေရှိတဲ့ အနေအထားအထိ ဖန်တီးလာတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “သူ့စစ်အာဏာ တည်တံ့ခိုင်မြဲရေး အတွက် အသိအမှတ်ပြုမှုရဖို့ကတော့ သူကိုင်ထားတာပေါ့ဗျာ။ အဲဒါက တိုင်းပြည်ရဲ့ သဘာဝသယံဇာတ ပစ္စည်းပေ့ါနော်။ အခုဆိုရင် မြေရှားသတ္တု၊ အဲဒါနဲ့ သူက မြှူဆွယ်ထားတာပေါ့။ မြေရှားနဲ့ပတ်သက်လို့ကတော့ လက်ဦးမှုရထားတာကတော့ တရုတ်က လက်ဦးမှု ရထားပြီးသားဗျ၊ မြိုးမြိုးမြက်မြက်နဲ့ ရထားပြီးပြီပေါ့နော်။ နောက်တခုကတော့ CMEC ပေါ့နော်၊ တရုတ်က ငြိမ်နေတယ်ဆိုတာ သူကသာ ငြိမ်နေတာ၊ သူ့ခြေတံလက်တံတွေ တပည့်သားချင်းတွေကတော့ တောက်လျှောက် အလုပ်လုပ်နေတာတွေ တွေ့တဲ့အခါကြတော့ CMEC အတွက်လည်း သူက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး။ ကျနော်တို့တိုင်းပြည်ကလည်း တကယ်က မဟာဗျူဟာ မြောက်တယ်ဗျ။ မဟာဗျူဟာမြောက်ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သူကတော့ အလျှော့ပေးမှာတော့ မဟုတ်ဘူးဗျ၊ သူကတော့ လုပ်မှာပဲ။ ကျနော်တို့ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လိုတယ်၊ ကိုယ့်ပေးထားချက်နဲ့ ကိုယ်ပေါ့။ နွေဦးတော်လှန်ရေးရဲ့ ပေးထားချက်က ဘာလဲ၊ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အနာဂတ် ကျနော်တို့တိုင်းပြည်ကို ဘယ်လိုပုံစံမျိုး တည်ဆောက်မလဲ၊ ဘယ်လိုမျှော်ရည်သလဲ၊ ကျနော်တို့ဆီမှာလည်း ခိုင်ခိုင်မာမာရှိဖို့လိုတယ်ဆိုတဲ့ သတင်းစကား ကျနော် ပါးချင်ပါတယ်” လို့ ပြောပါတယ်။
လက်တွေ့ ပထဝီနိုင်ငံရေးမှာ တရုတ်အစိုးရက ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ရခိုင်ကမ်းရိုးတမ်း ပင်လယ်ထွက်ပေါက်လမ်းကို အိန္ဒိယနိုင်ငံကလည်း အလိုရှိနေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား အင်အားကြီးနိုင်ငံတွေအကြားမှာ သံတမန်ရေးရာ အပေးအယူလုပ်ဖို့ ခက်ခဲပေမဲ့ စစ်ခေါင်းဆောင်က သူ့အာဏာတည်မြဲရေးအတွက် လတ်တလော အဆင်ပြေရေးပဲ စဉ်းစားပြီး တော်လှန်ရေးအင်အားစုတွေအပေါ် အသာစီးယူဖို့ အားထုတ်နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
သုတချမ်းသာ











