DVB Logo
Home
မြန်မာသတင်း
ဂမ်ဘီယာ-မြန်မာ ICJ အမှု ဘယ်လိုအမိန့်ချနိုင်သလဲ
ဝေဝေ
·
November 5, 2026
Photo: ICJ
Photo: ICJ
Donate to DVB

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လာမဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ စတင်တင်သွင်းခဲ့ပြီး ၇ နှစ်နီးပါးအကြာမှာ ထွက်ပေါ်လာမဲ့ ဒီအမိန့်ဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုနဲ့ တာဝန်ခံမှု ရရှိရေးအတွက် ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှတ်လာနိုင်ပြီး အဲဒီဆုံးဖြတ်ချက်တွေက ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်သလဲ ဆိုတာကို ဥပဒေပညာရှင်တွေက စိတ်ဝင်တစား သုံးသပ်နေကြပါတယ်။

ICJ ရဲ့ အပြီးသတ်အမိန့်မှာ ဖြစ်နိုင်ခြေတခု အနေနဲ့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်လာနိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတခုကတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက တိတိကျကျ မဆုံးဖြတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးကာကွယ်ရေး ဒါမှမဟုတ် အရေးယူ အပြစ်ပေးရေးဆိုင်ရာ တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်လာနိုင်တာ ဖြစ်ပါတယ်။

တတိယ ဖြစ်နိုင်ခြေအနေနဲ့ တရားရုံးက ဂမ်ဘီယာ တင်သွင်းထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေဟာ မလုံလောက်လို့ ပယ်ချတာမျိုး scenarios (အမိန့်ဖြစ်နိုင်ခြေ) ၃ မျိုး ရှိတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်နေကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အမှုကိစ္စမှာတော့ ၂၀၁၆/၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေပေါ် ကျူးလွန်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ထင်ရှားပြီး တိကျတဲ့ သက်သေအထောက်အထားများစွာ ရှိနေတာကြောင့် လာမဲ့ ICJ ရဲ့ အပြီးသတ်အမိန့်ဟာ တားဆီးအရေးယူဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် နောက်ဆက်တွဲ တာဝန်ခံမှုဆိုင်ရာ အမိန့်ဆုံးဖြတ်ချက်မျိုးက ပိုဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က  သုံးသပ်ပါတယ်။

“ဂျီနိုဆိုက် ဆိုတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့နိုင်ငံဆိုတဲ့ တာဝန်ရှိမှုတွေအဖြစ်နဲ့ သတ်မှတ်ခံရနိုင်တာမျိုး ဖြစ်မယ်။ နောက်တခုက အဲဒီလို ချိုးဖောက်မှုကို ရပ်တန့်ဖို့နဲ့ ထပ်မံပြီးတော့ မဖြစ်ဖို့ဆိုတဲ့ ထိန်းသိမ်းရမဲ့ တာဝန်လည်း ရှိနိုင်တယ် ဆိုတာမျိုးတွေနဲ့လည်းပဲ ဆွေးနွေးချက်မှာ ထည့်သွင်းပြီး ဆုံးဖြတ်နိုင်တယ်။ နောက်တချက်ကတော့ ပျက်ကွက်ခဲ့တဲ့ ချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာမှုတွေအတွက် သင့်လျော်တဲ့လျော်ကြေးတွေ ပြန်လည်ပြီးတော့ ပေးဆပ်ဖို့တွေလည်း လိုအပ်ရင် ပေးဆပ်ကုစားရမှာဖြစ်တယ် ဆိုတဲ့ လမ်းညွှန် ဆုံးဖြတ်ချက်တွေလည်း ချနိုင်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူ အပြစ်ပေးဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ရှိရင်လည်း သီးခြားချိုးဖောက်မှုပေါ့နော်၊ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဘာဖြစ်လို့ ဒါတွေကို ပျက်ကွက်ခဲ့တာလဲ၊ အဲဒီလူတွေကိုရော ဘယ်ပုံစံမျိုး အရေးယူ ဆောင်ရွက်ထားတာတွေ ရှိလဲ၊ မရှိဘူးဆိုလို့ရှိရင် အဲဒါတွေနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ ဒီတာဝန်ရှိမှုတွေကိုလည်းပဲ မြန်မာနိုင်ငံအနေနဲ့က ဆက်လက်ပြီးတော့ မဖြစ်မနေ ဆောင်ရွက်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်မှုတွေလည်းပဲ ဖြစ်လာနိုင်တယ်လို့တော့ ဆရာတို့ ဒီလိုပြောလို့ရမှာ ဖြစ်ပါတယ်။”

ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဆိုတာက တရားရုံးမှာ အနိုင်ရသွားတာနဲ့ ပြည့်စုံသွားတာမျိုး မဟုတ်ဘဲ လုံခြုံရေး၊ အခြေခံလူ့အခွင့်အရေး၊ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ရေး စတာတွေက အမှန်တကယ် လိုအပ်တာဖြစ်ပေမဲ့ ICJ ရဲ့ အပြီးသတ်အမိန့်ဟာ နစ်နာသူ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင် အောင်မြင်တခု ဖြစ်လာမယ်လို့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း မှတ်ချက်ပြုပါတယ်။

“ကျနော်တို့က ဒီ အခု ကျနော်တို့ကို ၂၀၁၆၊ ၂၀၁၇ မှာ သတ်ဖြတ်ခဲ့တာတွေ၊ မုဒိမ်းကျင့်ခဲ့တာတွေ၊ နောက်ပြီးတော့ အတင်းအဓမ္မ လူတွေကို တဖက်နိုင်ငံကို တွန်းပို့ခဲ့တာ၊ ရွာတွေ မီးရှို့ခဲ့တာ ဒါတွေအားလုံးကို သက်သေအထောက်အထားတွေနဲ့ တင်ပြထားတဲ့အတွက်ကြောင့် အထောက်အထားတွေကလည်း တော်တော်လေးကို ခိုင်လုံတယ်။ အဲဒါကြောင့် တရားသူကြီးတွေဘက်က ဂမ်ဘီယာဘက်ကို  အလေးသာတဲ့ ဆုံးဖြတ်ချက်တခု ထွက်လာမယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ထားတယ်ခင်ဗျ။ ကျနော့်အမြင်မှာတော့ ICJ တရားရုံးက ပေးမဲ့ ဆုံးဖြတ်ချက်က တရားမျှတမှုရဲ့ အဆုံးသတ် မဟုတ်ဘဲနဲ့ တာဝန်ခံမှု ရှိလာရေးအတွက် ဒါဟာ လမ်းကြောင်းသစ်တခုရဲ့ အစလို့ပဲ ကျနော်မြင်တယ်။”

လူမျိုးတုံးစေမှုကို တားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးဖို့ ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ကျူးလွန် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အရေးယူဆောင်ရွက်ဖို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ စတင်တရားစွဲခဲ့တာပါ။

တရားစွဲဆိုတဲ့လျှောက်လွှာမှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်က တာဝန်တွေကို ဖောက်ဖျက်ခဲ့ကြောင်း၊ ဆက်လက်ဖြစ်ပွားနေတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာအုပ်စုဝင် လူမျိုးတုံးစေမှု လုပ်ရပ်တွေရဲ့ ဘေးသင့်သူတွေအတွက် နစ်နာကြေး ပေးလျော်ရမှာဖြစ်ကြောင်းနဲ့ ကွန်ဗင်းရှင်း ဖောက်ဖျက်မှုတွေကို ထပ်မပြုလုပ်ပါဘူးဆိုတဲ့ အာမခံချက်တွေ ပေးရမှာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်အတည်ပြုပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013