
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဇာသပြင်(အတ္ထရံ)တံတားမှာ လက်နက်ခဲယမ်း တွေ ဖမ်းဆီးရမိတဲ့ သတင်းထွက်လာပြီးနောက် ဘားအံမြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ မြို့မိမြို့ဖနဲ့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလ တတိယပတ်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဇာသပြင် (အတ္ထရံ)တံတားမှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ပိုင် လူနာတင်ယာဉ်နဲ့ Light Truck ယာဉ်တစီးပေါ်ကနေ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ဘားအံမြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာပါ။
မြို့မိမြို့ဖတယောက်က “အစစ်အဆေးတွေ များလာတယ်၊ ၂ ရက်အတွင်းကို။ ကုန်ကားတွေကော Ambulance တွေကော အကုန်လုံးစစ်တယ်။ တပ်က ကိုယ်တိုင်စစ်တာ။ မြို့ဝင်တွေ အကုန်လုံး။ နောက် Ambulance တွေဆို ဓာတ်ပုံပါရိုက်တယ် လူနာနဲ့ ယှဉ်တွဲပြီးတော့။ Ambulance တွေဆို ပိုတောင်စစ်တယ်။ စစ်တပ်ကိုယ်တိုင်စစ်တာ၊ ဂိတ်တွေမှာ အငယ်ခံ(အနည်းဆုံး) ၁၂ ယောက်။ ဝတ်စုံပြည့်နဲ့ကို စစ်တာ။ ၂ ရက်ရှိပြီ အဲလိုစစ်တာ။ ဘားအံမြို့အဝင်တွေပေါ့။ အဝင်တွေကို အဓိကထားတာ။ အဝင်ရယ် ဖြတ်သန်းတာရယ်။ မြို့ကတော့ ၇ နာရီ ၈ နာရီလောက်ဆိုရင် ခြောက်ကပ်ကပ်ဖြစ်ပြီ။ ကြည့်သွား ကြည့်လာပေါ့။ သတိနဲ့သွား သတိနဲ့လာ သတိနဲ့နေပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့တွင်းမှာလည်း လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကိုပါ လိုက်လံဖမ်းဆီး နေပါတယ်။
အခုလို ယာဉ်တွေကို တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးနေတဲ့အတွက် သွားရေးလာရေးမှာ အရင်လို မလွယ်ကူတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “အခု ဘားအံမြို့ဝင် မြို့ထွက် ယာဉ်တွေကို စစ်ဆေးမှုတွေ ပိုမိုပြီးတော့ တင်းကျပ်လာတယ်။ ပိုမိုတင်းကျပ်လာတဲ့အတွက် ပြည်သူတွေ ကြောက်လန့်တကြားနဲ့ ခက်ခဲစွာ သွားလာနေရတယ်။ မြို့ထဲမှာဆိုလည်း မထင်ရင် မထင်သလို လိုက်လံဖမ်းဆီးတဲ့အတွက် ပြည်သူတွေဟာ သွားရေးလာရေးတောင်မှ ပိုမိုသတိထားပြီးတော့ သွားလာနေရတယ်။ အရင်တုန်း က စစ်မှုထမ်းအတွက် စိုးရိမ်နေရတာနဲ့ အခုက ကားတွေကို တင်းတင်းကျပ်ကျပ် လိုက်လံ ဖမ်းဆီး နေတဲ့အတွက် သွားရလာရတာ အရင်လို မလွယ်ကူတော့ဘူး။ အခုလိုမျိုး ယာဉ်တွေကို လိုက်လံ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေ ဈေးဝယ်တွေတောင် မလာကြတဲ့အတွက် အရောင်းအဝယ်တွေ ပါ အဆင်မပြေကြတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဘားအံမြို့နဲ့ မြဝတီ ကုန်သွယ်ရေးလမ်းတလျှောက်မှာ နေပြည်တော်ရဲ့ ညွှန်ကြားချက်နဲ့ တရားမဝင် တင်ဆောင်လာတဲ့ ထိုင်းကုန်စည်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၁ ရက်က မြဝတီမြို့ကနေ ထိုင်းကုန်စည်တင်ဆောင်လာတဲ့ ၆ ဘီးကား ၆ စီးကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောင်ခန့်











