DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်၌ စစ်ဆေးဖမ်းဆီးမှုတင်းကျပ်သဖြင့် တရုတ်ထုတ် သက်တမ်းလွန်ကားများဖြင့် ကယ်ရီလုပ်နေ 
DVB
·
October 27, 2026
Photo: DVB
Photo: DVB
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ စစ်ဆေး ဖမ်းဆီးရေး တင်းကျပ်လို့ ကုန်ပစ္စည်းတင်ပို့ရာမှာ တရုတ်ထုတ် သက်တမ်းလွန်ကားတွေ ဝယ်ယူ အသုံးပြုနေရကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားဝင်လိုင်စင်မရှိတဲ့ တရုတ်ထုတ် သက်တမ်းလွန် ကားတွေကို ဈေးပေါပေါနဲ့ ဝယ်ယူပြီး ကုန်ပစ္စည်း ကယ်ရီလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ် ဒေသခံတယောက်က “အခု ကယ်ရီလုပ်တဲ့ကားတွေက အများအားဖြင့် သက်တမ်းကုန်သွားတဲ့ ကားတွေပါ။ တရုတ်ပြည်က သက်တမ်းလွန်ကားတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး ကယ်ရီလုပ်ကြတာ။ ကားဖမ်းခံရရင်တောင် အရှုံးသိပ်မရှိဘူးဆိုတဲ့ သဘောမျိုးပေါ့” လို့ ပြောပါတယ်။

တရုတ်နယ်စပ် လမ်းကြောင်းတွေဘက်က ကုန်တင်ကားတွေဟာ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်း လုပ်ကိုင်နိုင်သူတွေသာ အဆင်ပြေတယ်လို့ နယ်စပ် ဒေသခံက ပြောပါတယ်။

"ဟုတ်တယ်လေ။ သူတို့ စစ်တပ်နဲ့မှ မလုပ်ရင် ဘယ်သူနဲ့မှမှ မလုပ်တာ။”

သာမန်လုပ်ငန်းရှင်တွေဆိုရင် လားရှိုးမြို့ အဝင်တင်ကို ကားကြီး တစီး ကျပ် သိန်း ၁၀၀ ပေးဆောင်ရပြီး ခါလီကားတွေတောင် မြို့အဝင်အထွက်ကို သိန်းချီ ဆောင်ရတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဒီလုပ်ငန်းတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အဆက်အသွယ်ရှိသူတွေကသာ လုပ်ကိုင်နိုင်ပြီး တခြားသူတွေအနေနဲ့ လုပ်ကိုင်ဖို့ ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “တခြားဌာနဆိုင်ရာတွေက ဘာမှလုပ်လို့မရဘူး။ ဗျူဟာမှူးအဆင့်လောက်အထိ ခွင့်ပြုချက်ရမှ လုပ်လို့ရတာမျိုးပါ။ စီးပွားရေးလုပ်ငန်းတွေဆိုလည်း သူတို့နဲ့ အဆက်အသွယ်ရှိမှ လုပ်လို့ရတယ်” လို့ ပြောပါတယ်။

တရားဝင်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပုံမှန်မဖွင့်လှစ်နိုင်တဲ့ အခြေအနေမှာ စစ်တပ် အသိုင်းအဝိုင်း မဟုတ်တဲ့ငုတွေ၊ စစ်တပ်နဲ့ အဆက်အသွယ်မရှိသူတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံကနေ ကုန်တင်ပြီး ဝင်ရောက်လာတဲ့ ကားတွေဟာ လားရှိုးမြို့ပြင် မယ်ဟန်အထိ တရုတ် နံပါတ်ပြားတွေနဲ့ လွတ်လွတ်လပ်လပ် အတားအဆီးမရှိ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

မယ်ဟန်မှာ တရုတ်နိုင်ငံက ကားတွေ မြန်မာ နံပါတ်ပြားလဲပြီး မန္တလေးထိ ဝင်ရောက်နေတယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ အတည်ပြုလို့ မရဘဲ မန္တလေးဘက် ဆင်းတဲ့ ကားတွေဟာ တရုတ်သက်တမ်းလွန်ကား လိုင်စင်မဲ့တွေကို ဝယ်ယူအသုံးပြုနေတာလို့ နယ်စပ်ကုန်သည် တချို့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013