ဒီနှစ်အကုန်မှာ ဘယ်လ်ဂျီယံနိုင်ငံက F-16 တိုက်လေယာဉ် ၃ စင်း လွှဲပြောင်းပေးမယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံဆီက F-16 တိုက်လေယာဉ်တွေ ဒီနှစ်ကုန်မှာ လွှဲပြောင်းပေးမယ်လို့ အရေးကြီးတဲ့ သဘောတူညီချက် ရှိကြောင်းနဲ့ လေယာဉ်တွေ လက်ခံဖို့ လုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်း X လူမှုကွန်ရက်မှာ ဇလန်းစကီးက ရေးသားထားပါတယ်။
ယူကရိန်းဟာ ဘယ်လ်ဂျီယံနဲ့ စပိန် အပါအဝင် တခြားနိုင်ငံတွေဆီကနေ F16 တိုက်လေယာဉ် ခဲယမ်းမီးကျောက်တွေကို အရေးပေါ် ပို့ဆောင်မှုတွေ လက်ခံရရှိထားပြီ ဖြစ်တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ဒါ့အပြင် ဇလန်းစကီးက “ဥရောပသမဂ္ဂနဲ့ ဥရောပကော်မရှင်ကို နောက်ထပ် ဘဏ္ဍာရေး ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လက်နက်တွေအတွက် ယူရို ၃ ဒသမ ၃ ဘီလီယံ လက်ခံရရှိထားပါတယ်။ လာမဲ့နေ့တွေမှာ ဘယ်လ်ဂျီယံဆီကနေ အပြုသဘောဆောင်တဲ့ ငွေကြေးထောက်ပံ့မှုသတင်းတွေ ကြားရမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ နောက်ထပ် ဘဏ္ဍာရေး ထောက်ပံ့မှုအတွက် တစိတ်တပိုင်း ဖြစ်ပါတယ်။ သဘောတူညီထားတဲ့ ပမာဏရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ လေကြောင်းကာကွယ်ရေးနဲ့ အနာဂတ်ထောက်ပံ့မှုတွေအတွက် ဒီတပတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
လေကြောင်းကာကွယ်ရေးအတွက် ကြားဖြတ်ဒုံးကျည်တွေ ရရှိဖို့ ဆွေးနွေးမှုတွေ ပြုလုပ်မှာပါ။ ပက်ထရီးယော့စနစ်တွေအတွက် လိုအပ်တဲ့ ဒုံးကျည်တွေကိစ္စကိုလည်း မိတ်ဖက်တွေအားလုံးနဲ့ ယူကရိန်းက ဆွေးနွေးဖို့ ရှိနေပါတယ်။










