
တီမောလက်စ်တေနိုင်ငံ၊ မြို့တော် ဒီလီမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာနိုင်ငံကိုယ်စားပြု ကစားသမား ၃ ယောက် ပထမဆုံးအကြိမ် စေလွှတ်ယှဉ်ပြိုင်စေခဲ့တယ်လို့ NUG နိုင်ငံခြားရေးဌာနက ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာအားကစားသမား ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ယောက်ကို ဩဂုတ် ၈ ရက်က ကျင်းပတဲ့ ၂၀၂၆ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသို့ စေလွှတ်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တာလို့ ဆိုပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အပြေးအားကစားမယ် ၂ ယောက်နဲ့ အမျိုးသား တယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၁ ဒသမ ၁ ကီလိုမီတာ (Half Marathon) ကို အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ပါတယ်။
တရားဝင်ရလဒ်တွေအရ အမျိုးသားအပြေးသမား ကိုအာသာက ၁ နာရီ ၄၅ မိနစ် ၅၃ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကာ အသက် ၄၀-၄၉ နှစ် အမျိုးသားအုပ်စုမှာ ပထမနေရာ ရရှိခဲ့ပါတယ်။
အမျိုးသမီးအပြေးမယ် ၂ ယောက်ကတော့ ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့်နဲ့ ၂ နာရီ ၂၉ မိနစ် ၄၅ စက္ကန့်စံချိန်နဲ့ အသီးသီးပန်းဝင်ခဲ့ကြပြီး အမျိုးသမီးတန်းအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅ နဲ့ အဆင့် ၃၉ အသီးသီး ရရှိခဲ့တယ်လို့ သိရတယ်။
ဒီပြိုင်ပွဲကို ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၈ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး သြဂုတ် ၉ ရက်မှာ တီမောလက်စ်တေ သမ္မတက မြန်မာအားကစားသမား ၃ ယောက်ကို သူ့ရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း သွေးစည်းညီညွတ်မှု၊ အားကစားနဲ့ သံတမန်ရေးရာတို့ကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာလို့လည်း NUG နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။










