
မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို စစ်အာဏာရှင်တပ်က ဒရုန်း အပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ခံတယောက်ဖြစ်တဲ့ ကိုမင်းဒဿက “၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်က ဆောနယ်ထဲက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ သီးကုန်းရွာအရှေ့ဘက် ဒေသအခေါ် စိုက်ခင်း (ကြံခင်း) ရွာကို လောင်းရှည်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းက ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲသွားလို့ ၃ နှစ်အရွယ် ကလေးငယ် (ယောကျ်ားလေး) တယောက်နဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတယောက်တို့ နေရာမှာတင်ပင် သေဆုံးခဲ့တယ်။ နောက်ထပ် အမျိုးသားတယောက်လည်း ခြေထောက်မှာ ဒဏ်ရာရပြီးတော့ ပြည်သူတွေရဲ့ အိမ်တချို့လည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်ထဲကို ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းမှာလည်း မကွေးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ရော့ကက်တွေ၊ ပွိုင့်အိတ်ပ်တွေနဲ့ပါ ပစ်ခတ်သွားတဲ့အပြင် နေပြည်တော် ဧလာလေတပ်က တက်လာတဲ့ Y12 ထောက်ပို့လေယာဉ်ကလည်း ဆောမြို့နယ်ထဲကို မိနစ် ၅၀ ကြာ လှည့်ပတ်ပျံသန်းပြီး ဗုံးအလုံး ၄၀ နီးပါး ထပ်မံကြဲချခဲ့တာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၂၃ ရက် ညပိုင်းကလည်း ဆောမြို့နယ်ထဲကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စင်း၊ E20 ထောက်ပို့လေယာဥ်တစင်းတို့နဲ့ လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်ခဲ့တာကြောင့် မီးလောင်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဆောမြို့နယ်ထဲမှာကတော့ တိုက်ပွဲတွေ ပြင်းထန်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်ဘက်ကို ရိက္ခာနဲ့ ခဲယမ်းတွေပို့မဲ့ စစ်ကြောင်းတွေကို ဆက်တက်လို့မရအောင် ဒီဘက်က အဖွဲ့အစည်းတွေ ပေါင်းပြီး ကြားဖြတ်တိုက်ခိုက်နေတာတွေ ရှိတယ်။ စစ်ကြောင်းတွေဘက်က တော်တော်လေးလည်း အထိနာပါတယ်။ အထိနာတဲ့အတွက်လည်း လေကြောင်းပစ်ကူတွေ တောက်လျှောက်လုပ်နေတာလို့ ယူဆပါတယ်။ စစ်တပ်ဘက်ကတော့ ကျေးရွာတွေမရှောင်၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ မရှောင်ဘဲ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်နေတာ အားလုံးသိတာပဲ။ ကျနော်တို့ဘက်ကတော့ ပြည်သူတွေ အန္တရာယ်ကင်းဖို့ လုပ်ဆောင်ရပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ စာရင်းပြုစုထားရုံလောက်ပဲ လုပ်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။
ဇူလိုင် ၂၄ ရက်ကနေ စတင်ကာ လောင်းရှည်ဘက်ကနေ ဆောမြို့နယ်ထဲကို တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၂၇ ရက် ညနေပိုင်းအထိ ဆောမြို့နယ်ထဲကို ဝင်ရောက်လာတာ မရှိသေးဘဲ လမ်းတနေရာမှာ တပ်ဖျောက်ထားတာဖြစ်လို့ လောင်းရှည်နဲ့ ဆောမြို့နယ်အကြားက ဒေသခံပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်နဲ့ စစ်ရေးအခြေအနေတွေကို အထူးသတိပြုပြီး ဘေးကင်းလုံခြုံရေး အစီအမံတွေနဲ့ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










