
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင် ရွှေမြင်တင်စေတီရဲ့ စိန်ဖူးတော် ပျက်စီးမြေခခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ်၊ ရွှေကျောင်းမြောက်ကျေးရွာမှာ တည်ထားပူဇော်ထားတဲ့ သမိုင်းဝင်ရွှေမြင်တင် စေတီတော်ကြီးရဲ့ စိန်ဖူးတော်ပျက်စီးမြေခခဲ့တာပါ။
ပန်းတနော်မြို့နယ် ဒေသခံတယောက်က “စေတီသက်တမ်းကလည်း မနည်းတော့ဘူးလေ။ အခု လေပြင်းကြောင့် စိန်ဖူးတော်တခုလုံး မြေခခဲ့တာ။ စေတီပတ်ဝန်းကျင်မှာ နောက်ထပ် ပျက်စီးတာ မရှိဘူး” လို့ပြောပါတယ်။
စေတီတော်ဂေါပကအဖွဲ့က မြေခခဲ့တဲ့စိန်ဖူးတော်နဲ့ ရွှေ၊ ငွေ ရတနာပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်း တွေကို စနစ်တကျထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ မေလက စတင်ပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့သလို မိုးသက်လေပြင်း ဒဏ်ကြောင့် နေအိမ်တွေ၊ သာသနိကအဆောက်အအုံတွေ၊ ဘုရား၊ ပုထိုး၊ စေတီတွေပါ ပျက်စီးတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်က ဟင်္သာတမြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖားကျေးရွာ မှာရှိတဲ့ ဇိနမာန်အောင်စေတီတော် ထီးတော်တိမ်းစောင်းခဲ့ပါသေးတယ်။
ဧပြီ ၂၉ ရက်ကလည်း ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ နွားဦးတိုက်ကျောင်းတိုက်ထဲက ရွှေစည်းခုံပုံတူ မိုးမခရွှေစည်းခုံစေတီတော်ဟာ မိုးသက်လေပြင်းကြောင့် စေတီတော်ရဲ့ အောက်ခံ အုတ်ခုံတွေပါ ကွဲအက်တိမ်းစောင်းပျက်စီးခဲ့ပါတယ်။










