
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်တဲ့ အမျိုးသားတယောက်ကို လူငယ် ၃ ယောက်က ရိုက်နှက်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကြေး အပါအဝင် ပစ္စည်းတွေ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီလောက်က ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုဂျင်မောင်မောင်ကို အသက် ၁၇ နှစ်ဝန်းကျင်ရှိ လူငယ် ၃ ယောက်က ဆိုင်ကယ်ကယ်ရီ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပြန်ပလော့ကျေးရွာနဲ့ ပိတောက်ချောင်းကျေးရွာကြား လူသွားလူလာနည်းတဲ့ နေရာကို ရောက်တဲ့အခါ လူငယ် ၃ ယောက်က ကယ်ရီခမပေးတဲ့အပြင် ကိုဂျင်မောင်မောင်ကို ရိုက်နှက်တာ၊ လည်ပင်းညှစ်တာနဲ့ ကန်ကျောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကိုဂျင်မောင်မောင် သတိလစ်သွားချိန်မှာ သေဆုံးသွားပြီလို့ ထင်မှတ်ပြီး လမ်းဘေးမြောင်းထဲမှာ ပစ်ထားခဲ့ကာ သူ့ရဲ့ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေး၊ မှတ်ပုံတင်နဲ့ ရောင်းချဖို့ ယူလာတဲ့ ထီလက်မှတ်တွေကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခုလို နေ့ခင်းကြောင်တောင်မှာတောင် ဆိုင်ကယ် ကယ်ရီသမားတွေကို ပစ်မှတ်ထားပြီး လုယက်တာတွေ ဖြစ်လာတော့ အလုပ်လုပ်ကိုင် စားသောက်နေသူတွေအတွက် လုံခြုံရေး စိုးရိမ်စရာ ဖြစ်လာပါတယ်။ သက်ဆိုင်ရာအနေနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ကိုဂျင်မောင်မောင်ကို အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ အနီးနားက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ ဒေသခံတွေက တွေ့ရှိခဲ့ပြီး ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံရမှုကြောင့် သူဟာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ပန်းတနော် ပြည်သူ့ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါဖြစ်စဉ်ကြောင့် ပန်းတနော်မြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတွေနဲ့ ဒေသခံပြည်သူတွေကြား လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။











