
ဧရာဝတီတိုင်း၊ မအူပင်ရိုင်၊ ပန်းတနော်မြို့နယ်မှာ ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါး ပြိုကျလာတာကြောင့် အလယ်တန်းကျောင်းခွဲနဲ့ နေအိမ် ၃ လုံး အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျလာတာကြောင့် ပန်းတနော်မြို့နယ်၊ ကုလားအုတ်ကျေးရွာက အခြေခံပညာ အလယ်တန်းကျောင်းခွဲနဲ့ ရွှေဖလားကျွန်းကျေးရွာကနေ အိမ် ၃ လုံးကို ဇူလိုင် ၉ ရက် ညနေက အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မရွှေ့ရင် အန္တရာယ်ရှိတဲ့ အခြေအနေလေ။ ဒါ့ကြောင့် အရေးပေါ် ဖျက်ရွှေ့ခဲ့ရတာပါ။ ကမ်းပါးက ရုတ်တရက် ပြိုကျလာတာ။ အခုတော့ ဘေးလွတ်တဲ့နေရာမှာ ယာယီနေနေပါတယ်။ မိုးတွင်းကြီး အိမ်ဖျက်ပြောင်းရတော့ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျလာလို့ သွပ်မိုး၊ ပျဉ်ကာ နေအိမ်တွေနဲ့ သစ်တိုင်၊ သွပ်မိုး၊ ပျဉ်ခင်း အခြေခံပညာ (ကုလားအုတ်) အလယ်တန်းကျောင်းခွဲ အဆောက်အအုံကို အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “လူတွေ အန္တရာယ်ကင်းပါတယ်။ မပြောင်းရင် အကုန်အန္တရာယ်ရှိမဲ့ အခြေအနေမို့ အားချင်းပြောင်းရတာ။ အခု ဒေသခံတွေ ယာယီတဲထိုးနေတဲ့သူတွေလည်း ရှိတယ်။ မိသားစုတွေဆီက ခဏသွားနေတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကုလားအုတ်) ကို ပြောင်းရွှေ့ခဲ့ရတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို ကုလားအုတ်ကျေးရွာ၊ ဓမ္မဝိဇယ ဘုန်းတော်ကြီးကျောင်းကို ယာယီပြောင်းရွှေ့ကာ စာသင်ကြားနေရတယ်လို့ သိရပါတယ်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျလာလို့ နေအိမ်တွေနဲ့ စာသင်ကျောင်း ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
ပန်းတနော်မြို့နယ်၊ ကမ်းနားစုကျေးရွာဘက်မှာ လတ်တလော ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










