Home မြန်မာသတင်း ပြည်တွင်းစက်သုံးဆီဈေး ဆက်တိုက်ကျသော်လည်း ဖေဖော်ဝါရီထက် နှစ်ဆနီးပါး မြင့်တက်နေဆဲ
ပြည်တွင်းစက်သုံးဆီဈေး ဆက်တိုက်ကျသော်လည်း ဖေဖော်ဝါရီထက် နှစ်ဆနီးပါး မြင့်တက်နေဆဲ
Photo: DVB
ဧပြီလနှောင်းပိုင်းကစပြီး ပြည်တွင်းစက်သုံးဆီဈေးတွေ သီတင်းပတ် ၇ ပတ်ဆက်တိုက် ပြန်ကျ ဆင်း လာခဲ့ပေမဲ့ ဖေဖော်ဝါရီအစောပိုင်းကာလနဲ့ နှိုင်းယှဥ်ရင်တော့ နှစ်ဆနီးပါး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး တလကျော် အတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေ နှစ်ဆကျော် ထိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ဆီ ၉၂ ဈေးဟာ ဖေဖော်ဝါရီ ၂၀ ရက်က တလီတာကို ၂,၃၄၅ ကျပ်ပဲရှိခဲ့ရာက ဧပြီ ၁၀ ရက် မှာ ၄,၇၃၅ ကျပ်ထိ အမြင့်ဆုံးဈေး ရောက်ရှိခဲ့ပါတယ်။ အလားတူဒီဇယ်နဲ့ ပရီမီယံဒီဇယ် တို့ကလည်း မတ်လနဲ့ ဧပြီလအတွင်း သိသိသာသာ မြင့်တက် ခဲ့ရာကနေ ဧပြီ ၁၀ ရက်မှာ ဒီဇယ် တလီတာကို ၆၄၈၅ ကျပ်၊ ပရီမီယံဒီဇယ်က ၇,၇၅၅ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အဲဒီလို စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဈေးနှုန်းတွေ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့ပြီး ဇွန် ၅ ရက်မှာ ဓာတ်ဆီ ၉၂ တလီတာ ၄,၃၄၅ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၄,၃၈၅ ကျပ်၊ ဒီဇယ် တလီတာ ၄,၂၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က တလီတာ ၅,၁၁၅ ကျပ်အထိ အသီးသီး လျော့ကျ လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရည်ညွှန်းဈေးတွေက ပြီးခဲ့တဲ့တပတ်နဲ့ နှိုင်းယှဉ်ရင်လည်း ဓာတ်ဆီ ၉၂ က ၂၀၅ ကျပ်၊ ဓာတ်ဆီ ၉၅ က ၂၃၅ ကျပ်၊ ဒီဇယ်က ၃၇၅ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၄၃၅ ကျပ် အသီးသီး ထပ်မံကျဆင်းလာတာ ဖြစ်ပါတယ်။ လက်ရှိဈေးနှုန်းတွေက အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းလာတာ ဖြစ်ပေမဲ့ ဖေဖော်ဝါရီအစောပိုင်းက ဈေးနှုန်းတွေနဲ့ယှဉ်ရင်တော့ အများကြီး မြင့်တက်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ အလားတူ လောင်စာဆီဈေးနှုန်းနဲ့အပြိုင် လိုက်ပါထိုးတက်ခဲ့တဲ့ အခြေခံစားသောက်ကုန်နဲ့ ကုန်စည် ဈေးနှုန်းတွေဟာလည်း လက်ရှိအချိန်ထိ သိသိသာသာ ပြန်ကျတာမျိုး မရှိသေးပါဘူး။