
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စက်တင်ဘာ ၂၈ ရက်နေ့လယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်ထပ်မနည်း ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရုပ်အလောင်းအများစုဟာ မီးလောင်ပြာကျသွားတဲ့အတွက် ကောက်ယူဖို့ ခက်ခဲနေဆဲ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် AA ကတော့ အရပ်သားသေဆုံးသူ ၃၆ ယောက်အထိ ရှိကြောင်းနဲ့ သေဆုံးသူတွေ ထပ်တိုးလာနိုင်ကြောင်း စက်တင်ဘာ ၂၈ ရက်ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကျောက်တော်မြို့က အိန္ဒိယစျေးအနီးဝန်းကျင်နဲ့ ဂစ္စပနဒီ တံတားတွေကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်တပ်က ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူသေဆုံး ထိခိုက်တာတွေအပြင် ကားတွေ နဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ စာရေးဆရာဝေဟင်အောင်ကတော့ ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေထဲမှာ ဒီဖြစ်ရပ်ဟာ သေဆုံးသူ အများဆုံးနဲ့ အဆိုးရွားဆုံးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီလို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။










