
မြန်မာပြည်တွင်း လောင်စာဆီဈေးတွေမြင့်တက်နေသလို စားသုံးဆီဈေးကွက်မှာလည်း စားအုန်းဆီနဲ့ မြေပဲဆီဈေးနှုန်းတွေဟာ ဝယ်လိုအားနဲ့ ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်စရိတ် မြင့်မားလာတာကြောင့် တောက်လျှောက်ပြန်လည်မြင့်တက်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
အခုသီတင်းပတ်အတွက် စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဟာ တပိဿာကို ကျပ် ၆,၆၄၀ ဖြစ်ပေမဲ့၊ ပြင်ပဈေးကွက်မှာတော့ တပိဿာကို ကျပ် ၁၆,၀၀၀ ကနေ ၁၇,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာကြောင့် ရည်ညွှန်းဈေးထက် ၂ ဆကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျလာတာ၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပို့ကုန်ခွန်ကို တိုးမြှင့်ကောက်ခံတာ စတဲ့အကြောင်းအရင်းတွေကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ စားအုန်းဆီ ဈေးနှုန်း အနည်းငယ် မြင့်တက်နေသလို၊ ပြည်တွင်းမှာလည်း သယ်ယူစရိတ်နဲ့ ဝယ်လိုအား မြင့်မားလာတာက ပြင်ပစားအုန်းဆီ တပိဿာ ဈေးနှုန်းကို ကျပ် ၁၇,၀၀၀ ဝန်းကျင်အထိ မြင့်တက်စေခဲ့တာပါ။
တဖက်မှာလည်း ပြည်တွင်းမှာ ထုတ်လုပ်တဲ့ မြေပဲဆီဈေးနှုန်းတွေက တောက်လျှောက် မြင့်တက်နေပါတယ်။
ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆံဈေးက တလအတွင်း တပိဿာကို ကျပ် ၁၀,၃၀၀ ကနေ ၁၃,၂၀၀ အထိ မြင့်တက်လာတာကြောင့် ပဲဆီစစ်စစ် တပိဿာဈေးဟာလည်း အမျိုးအစားအလိုက် ကျပ် ၂၁,၅၀၀ ကနေ ၂၇,၀၀၀ အထိ ပေါက်ဈေးရှိလာပါတယ်။ ဒါကြောင့် မြေပဲဆီဈေးဟာ တလအတွင်းမှာပဲ တပိဿာကို ကျပ် ၆,၀၀၀ ဝန်းကျင် ဈေးတက်လာတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီဈေး မြင့်တက်လာမှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် ဒီဇယ်အသုံးပြု ကြိတ်ခွဲရတာတွေကလည်း ထုတ်လုပ်မှုစရိတ်ကို ပိုမိုမြင့်တက်စေခဲ့တာလို့လည်း စားသုံးဆီ ကြိတ်ခွဲ ထုတ်လုပ်ရောင်းချသူတွေက ပြောပါတယ်။










