
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ ၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်နဲ့ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
တခြားအာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ အသီးသီးတက်ရောက်ခဲ့ကြပေမဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်ခွင့်မရဘဲ ဖမ်းဆီးချုပ်နှောင် သတင်းဖျောက် ချန်လှပ်ခံထားရဆဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ အာဇာနည်နေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခွင့်မရတာ ၆ နှစ်မြောက်ရှိပြီဖြစ်သလို ဒီကာလတလျှောက်မှာ စစ်အာဏာရှင်က လူထုမြင်ကွင်းကပါ ဖျောက်ဖျက် သတင်းအမှောင်ချခဲ့ပါတယ်။
ဒီကနေ့မှာတော့ စစ်အုပ်စုထိပ်ပိုင်းက စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တို့ တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချခဲ့တာကို တွေ့ရပါတယ်။
ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာတော့ ဗိုလ်ချုပ်အောင်ဆန်းမိသားစု ကိုယ်စား မြေးဖြစ်သူ ဦးရဲအောင်သန်းရဲ့ ဇနီး (မြေးချွေးမ) ဖြစ်သူ ဒေါ်ဇင်ဇင်ဦး တက်ရောက်ခဲ့ပြီး၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ရဲဘော်ကိုထွေးနဲ့ ဦးအုန်းမောင် စတဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်အချို့လည်း လာရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြတယ်။










