
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ လာမဲ့ စက်တင်ဘာလကစလို့ စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သား အရေအတွက်ကို ၂ ဆ ထပ်တိုးတောင်းခံပြီး စစ်မှုထမ်းအင်အား စုဆောင်းမှုတွေ တိုးမြှင့်သွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တာကြောင့် မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
အခုလို စစ်မှုထမ်း အရေအတွက် တိုးကောက်မဲ့ သတင်းတွေ ပြည်သူအကြား ပျံ့နှံ့နေပြီး ညပိုင်းမှာ လူငယ်တွေ အပြင်လုံးဝမထွက်ကြတော့ဘူးလို့ မန္တလေးမြို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီလို ရပ်ကွက်တွေထဲ အခုပြောတဲ့ တိုးကောက်တာကတော့ မှန်တယ်။ ညတွေဆိုရင် လုံးဝတောင်မှ မထွက်ကြဘူး လူငယ်တွေ။ များသောအားဖြင့် ပိုဆိုးတာက စစ်တပ်ထက် အခု ပြောတဲ့ ပျူတွေက ပိုပြီးတော့ သောင်းကျန်းတာ။ သူ့ရပ်ကွက်နဲ့သူ ပျူတွေရှိတယ်။ အဲဒီပျူတွေက ရောင်းစားတာ သူတို့ ပိုက်ဆံရတယ်။ အဲဒီပျူတွေက လိုက်ဖမ်းတာလေ များသောအားဖြင့်။”
မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းစုဆောင်းမှုအတွက် တရားဝင်စာရင်းအရ ခေါ်ဆောင်မှုအပြင် ပျူစောထီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူစားထိုး ရောင်းစားတဲ့ အခြေအနေတွေက ဆက်တိုက်ရှိနေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အပြင်ထွက်ရင် ဖမ်းဆီးခံရမှာ ကြောက်လို့ အိမ်မှာနေလည်းပဲ အိမ်ပေါ်ထိ တက်ဖမ်းခံနေရတဲ့ အခြေအနေ ဖြစ်နေလို့ မန္တလေးက လူငယ်တွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေကြရတယ်လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဟိုကဆွဲ ဒီကဆွဲနဲ့ ဘယ်သူက ဘယ်လိုတွေ ဆွဲသွားမှန်းကို မသိကြဘူး။ လူပျောက်လိုပဲ ဖြစ်လာတယ်။ လူဦးရေတိုးပြီး စုဆောင်းမဲ့ အနေအထားမှာ အကောင်းဆုံးက တော်လှန်ရေးနယ်မြေတွေမှာ သွားပြီး နေကြဖို့နဲ့ ပြည်ပထွက်ဖို့ပဲ ရှိမယ်ဗျ။ အခုနောက်ပိုင်း အိမ်ပေါ်ထိတက်ပြီး ဆွဲတာတွေ ဖြစ်လာတယ်။ ဖမ်းဆီးရေးတွေ တအားကြမ်းလာတယ်။ ဘယ်သူ ဘယ်ကမှန်းလည်း မသိဘူး၊ ဝင်ဖမ်းနေကြတာတွေ၊ အိမ်ထဲနေပြီးတော့လည်း လုံခြုံမှုမရှိတော့ ဘယ်လိုမျိုး ပြောရမှန်းကို မသိတော့ဘူး။”
မန္တလေးမြို့မှာ လူပျောက်မှုတွေလည်း များနေပြီး လူငယ်တွေသာမက အသက် ၄၀ ကျော်၊ ၅၀ နီးပါးအရွယ်ရှိတဲ့ လူလတ်ပိုင်းတွေပါ ပျောက်ဆုံးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ လူငယ်တွေကို အဓမ္မစုဆောင်း စစ်သင်တန်းပေးနေတာဟာ စစ်မှုထမ်း အပတ်စဉ် ၂၇ ထိ ရှိလာပြီ ဖြစ်ပါတယ်။
ဩဂုတ် ၄ ရက်နေ့က စစ်မှုထမ်း အပတ်စဉ် ၂၇ သင်တန်း ဖွင့်လှစ်ပြီးတဲ့နောက် နောက်ထပ် ဖွင့်လှစ်သွားမဲ့ အပတ်စဉ် ၂၈ အတွက် မန္တလေးမြို့တွင်းက ရပ်ကွက်တွေမှာ အခုလို စစ်မှုထမ်းအရေအတွက် ၂ ဆ ပိုတိုးမြှင့်သွားဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
မြတ်သဇင်











