
ဆီနီဂေါအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပိုဆိုးလာတဲ့ ကြွေးမြီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိစ္စအပေါ် သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာချိန်မှာပဲ ဆီနီဂေါ ပါလီမန်ဟာ မေ ၂၆ ရက်မှာ ဝန်ကြီးချုပ်ဟောင်း အူစ်မန်ဆွန်ကို,ကို ဆီနီဂေါ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အစ္စမိုင်လာ ဒီယာလိုက ဆွန်ကိုဟာ ထောက်ခံမဲ ၁၃၂ မဲ ရရှိပြီး ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရကြောင်း ကြေညာခဲ့ပါတယ်။
ရာထူးလက်ခံအပြီးမှာတော့ ပါလီမန်ဥက္ကဋ္ဌ အူစ်မန် ဆွန်ကိုက “ဝန်ကြီးချုပ်တယောက်ကို ရာထူးက ထုတ်ပယ်လိုက်တာဟာ သူ့ရဲ့ နိုင်ငံရေးဘဝ ပြီးဆုံးသွားပြီလို့ တချို့က ထင်နေကြတာ။ ဒါပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီမှာ ဘယ်ရာထူးကမှ ပြည်သူ့ထောက်ခံမှုကို ခန်းခြောက်သွားအောင် မလုပ်နိုင်ပါဘူး။ ပြည်သူကသာ အာဏာရဲ့ မြစ်ဖျားခံရာပါ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
“ပြည်သူတွေဟာ အထက်တန်းလွှာတွေ အလှည့်ကျ အာဏာလုဖို့အတွက် ကျနော်တို့ကို အာဏာအပ်နှင်းခဲ့တာ မဟုတ်ပါဘူး၊ ပြည်သူ့ဂုဏ်သိက္ခာကို ပြန်လည်အသက်သွင်းဖို့အတွက် အာဏာအပ်နှင်းခဲ့တာ” လို့ လွှတ်တော်တွင်းမှာ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက်က အူစ်မန် ဆွန်ကို,ကို သမ္မတ ဘာစီရူ ဂျိုမိုင်ဖေးက ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ဆွန်ကိုအတွက်တော့ အခု ပါလီမန်ဥက္ကဋ္ဌ ရာထူးဟာ သမ္မတ ဂျိုမိုင်ဖေးကို ပြန်လည်စိန်ခေါ်ဖို့ ခြေကုပ်တခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပေမဲ့ ဆွန်ကိုဘက်ကတော့ ဒီလိုဖြစ်လာနိုင်ခြေကို လျှော့ချပြောဆိုသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရာထူးကနေ ဆွန်ကို ဖယ်ရှားခံရပြီးချိန်မှာ ဆီနီဂေါနိုင်ငံရဲ့ ဘွန်းစာချုပ် ဈေးနှုန်းတွေ သိသိသာသာ ထိုးကျသွားခဲ့ပြီး ဆီနီဂေါ အနေနဲ့ ကြွေးမြီတွေ မဆပ်နိုင်တော့မဲ့ အန္တရာယ် ပိုများလာနိုင်တယ်လို့ မော်ဂန် စတန်လေ ရင်းနှီးမြှုပ်နှံမှုဘဏ်က အင်္ဂါနေ့မှာပဲ သတိပေးခဲ့ပါတယ်။
တကယ်တော့ သမ္မတ ဂျိုမိုင်ဖေးက အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ဆွန်ကို,ကို ရာထူးက ထုတ်ပယ်ခဲ့ပေမဲ့ လွှတ်တော်အမတ်တွေက သမ္မတရဲ့ ဆုံးဖြတ်ချက်ကို အာခံပြီး ဆွန်ကို,ကို ပါလီမန်အမတ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြသလို အမတ် ၁၆၅ ယောက်ရှိတဲ့ လွှတ်တော်ထဲမှာ ထောက်ခံမဲ ၁၃၂ မဲ အပြတ်အသတ်နဲ့ ပါလီမန်ဥက္ကဋ္ဌ အဖြစ် တင်မြှောက်လိုက်ကြတာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်အပေါ် အတိုက်အခံတွေဘက်ကတော့ ဒါဟာ အရှုပ်တော်ပုံတခုဖြစ်ပြီး တရားဝင်မှု ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။
Source: Reuters










