
ကိုလံဘီယာနိုင်ငံ၊ နော့ရ်တေဒေဆန်တန်းဒဲရ်ပြည်နယ်၊ လော့စ်ပါတီယို့စ်မြို့မှာရှိတဲ့ ရဲစခန်းတခုကို ဩဂုတ် ၃၁ ရက်ညပိုင်းက ကားဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် လူတယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရသွားတယ်လို့ ကိုလံဘီယာ အာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ရဲစခန်းရဲ့ ရှေ့မျက်နှာစာ ပျက်စီးသွားပြီး ပတ်ဝန်းကျင် အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်တွေ ကွဲထွက်ကာ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့သလို ဒေသရဲ့ အကြီးဆုံး ဆေးရုံဖြစ်တဲ့လာ ဆာမာရီတာနာ ဆေးခန်းအနီး ဝန်းကျင်တွေကိုပါ ထိခိုက်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ရဲအရာရှိ ၇ ယောက်နဲ့ အရပ်သား ၈ ယောက် ပါဝင်ပြီး သေဆုံးသွားသူက ဗင်နီဇွဲလားနိုင်ငံသား တက္ကစီဒရိုင်ဘာတယောက် ဖြစ်တယ်လို့ ပဏာမ စုံစမ်းသိရှိရပါတယ်။ ဒဏ်ရာရသွားတဲ့ ရဲအရာရှိတွေကိုတော့ ဆေးရုံအသီးသီးမှာ ဆေးကုသမှု ပေးထားပါတယ်။
ကူးကူတာ မြို့ပြဧရိယာအတွင်း တိုက်ခိုက်ခံရပြီးနောက် သမ္မတ အာဘဲလာရ်ဒိုဒေလာ အက်စ်ပရီယဲလ်ယာ ဟာ စစ်ဘက်ခေါင်းဆောင်ပိုင်းနဲ့ အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး ရီကာရ်ဒို အာလာရ်ကွန်ရဲ့ အပြောအရ ဒီပေါက်ကွဲမှုဟာ မနှစ်က ခိုးယူခံခဲ့ရတဲ့ အများပြည်သူသုံး ယာဉ်တစီးပေါ်မှာ ANFO ယမ်းဘီလူး ၈၀ ကီလိုဂရမ် တင်ဆောင်ကာ မြို့လယ်ခေါင် ရဲစခန်းအနီး ည ၁၁ နာရီ ၁၅ မိနစ်မှာ ရေဒီယိုလှိုင်းနှုန်းသုံး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုကို သီးသန့်ပစ်မှတ်ထား ကြိုတင်ကြံစည်ထားတဲ့ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားပြီး ELN ပြောက်ကျားအဖွဲ့ရဲ့ အမျိုးသား မြို့ပြစစ်ပွဲတပ်ဦးက လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
အာဏာပိုင်တွေဟာ ကားလို့စ်ဂျဲရ်မန်း ဗဲလက်စ်ကို ဗီယားမီးဆာရ် အမည်ရ အဖွဲ့ငယ်ကို ဦးဆောင်တဲ့ ခေါင်းဆောင်တပ်မှူး "ဒေးဗစ်" နဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိဖို့ လောလောဆယ် ဦးတည် ဆောင်ရွက် နေပါတယ်။
ပြည်နယ်လုံခြုံရေးအတွင်းရေးမှူး ဂျော့ချ်ကင်းန်တဲရောကတော့ ဒီရက်စက်တဲ့ လုပ်ရပ်ကို ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ထိခိုက်ခံရသူ မိသားစုတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ရပ်တည် ကြောင်း ပြောကြားခဲ့သလို တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ပီဆို သန်း ၅၀ အထိ ဆုကြေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။
Source:Reuters











