DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းတွင် စစ်တပ်လုံခြုံရေးကင်း ပစ်ခတ်ခံရ၊ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ
DVB
·
July 24, 2026
Photo: Daily News
Photo: Daily News
Donate to DVB

ထိုင်းတောင်ပိုင်း နာရာသီဝပ်ခရိုင် လငဲ့မြို့နယ်ရှိ ထိုင်းခြေလျင်တပ် အမှတ် ၄၅ ရဲ့ လုံခြုံရေးကင်းစခန်း ပစ်ခတ်ခံရပြီး တပ်ကြပ်ကြီး အပါအဝင် တပ်ဖွဲ့ဝင် ၅ ယောက် အခင်ဖြစ်နေရာမှာ သေဆုံးကာ ကလေးတွေအပါအဝင် အနီးနားက ပြည်သူ ၆ ယောက်ပါ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စီစီတီဗီကင်မရာ အထောက်အထားတွေအရ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ နောက်က လူ ၆ ယောက် လိုက်ပါစီးနင်းလာတဲ့ ဟိုင်းလပ်ကားတစီးဟာ အရှေ့ကရော အနောက်ကပါ ဆိုင်ကယ် ၂ စီး ခြံရံပြီး လငဲ့မြို့နယ် တလတ်တန်ယုန်မတ်အုပ်စု နယ်မြေ ၇ ရှိ ထိုင်းစစ်တပ် အမှတ် ၄၅ ရဲ့  ဘူကေဆာမီ လုံခြုံရေးကင်းစခန်းကို ဝင်ရောက်လာတယ်။ 

အရှေ့ဆိုင်ကယ်နဲ့ အနောက်ဆိုင်ကယ် ၂ စီးလုံး နောက်ကလိုက်စီးလာသူတွေဟာ မွတ်စလင် အမျိုးသမီးခြုံလွှာ အနက်ရောင်ကို ခြုံထားပါတယ်။ အရှေ့ဆိုင်ကယ်က ကင်းစခန်းဘက်ကို သေနတ်နဲ့ပစ်ခတ်ပြီး ဟိုင်းလပ်စ်ကားပေါ်က လူတွေက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တယ်၊ ဒါတင်မကဘဲ နောက်ကလိုက်လာတဲ့ ဆိုင်ကယ်ပေါ်က လူ ၂ ယောက်ဟာ တယောက်ကိုတယောက် ကျောပေးပြီး စက်သေနတ်နဲ့ တရစပ် ပစ်ခတ်ကာ တန်ယုန်မတ် - ဒူဆောင်ယိုး လမ်းမကြီး အမှတ် ၄၀၅၅ ဘက်ကို ထွက်ပြေးသွားခဲ့တယ်၊ အကြမ်းဖက်သမားတွေဟာ လုံခြုံရေးကင်းက အပစ်ခံရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ကျည်ကာအင်္ကျီတွေပါ လုယူသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးတယောက် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးသွားရပြီး အနီးနားရှိ နေအိမ်တွေက ၁၀ နှစ်သား ကလေးတယောက်၊ ၃ နှစ်အရွယ် မိန်းကလေးတယောက်၊ ၂၁ နှစ် နဲ့ ၁၅ နှစ်အရွယ် လူငယ် ၂ ယောက်၊ အသက် ၆၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးကြီးတယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ကင်းစခန်းအဆောက်အအုံနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်၊ တာဝန်ရှိသူတွေက အကြမ်းဖက်သမားတွေနောက် လိုက်လံနှိမ်နင်းရာမှာ အကြမ်းဖက်သမားတွေက ခြေရာဖျောက်တဲ့ အနေနဲ့ သူတို့စီးလာတဲ့ ဟိုင်းလပ်စ်ကားကို ဆရီဆာခွန်းမြို့ ဆာကောရပ်ကွက် နယ်မြေ ၅ ရှိ လမ်းမကြီးပေါ် မှာ မီးရှို့ပြီး ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကြည်းတပ် ဒုဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချိုင်းယဖရိုတ် ဒုန့်ပရဖတ်က ပြည်သူ့လုံခြုံရေးနဲ့ စစ်တပ်အပေါ် ပြည်သူရဲ့ ယုံကြည်စိတ်ချမှုရအောင် ပြန်ပြီး ဆောင်ရွက်ရမယ်၊ နေရာအနှံ့ လုံခြုံရေး တိုးမြှင့်ချထားဖို့လည်း ညွှန်ကြားထားပါတယ်။

နယ်စပ်လုံခြုံရေးကောင်စီရဲ့ ကနဦး စုံစမ်းချက်အရ ကျူးလွန်သူတွေဟာ နိုင်းမာဆာ့ဖီဒီမိုနဲ့ နိုင်းအပ္ပဒူလ်လောက်မာဆယ် ဦးဆောင်တဲ့ တောင်ပိုင်း အကြမ်းဖက်သမားအဖွဲ့ကလို့ ယူဆတယ်၊ ဒီအဖွဲ့ဟာ နာရာသီဝပ်ခရိုင် လငဲ့၊ ကျနဲ့၊ ဆီဆာခွန်းနဲ့ ရုဆော စတဲ့မြို့နယ်တွေမှာ လှုပ်ရှားပြီး လွန်ခဲ့တဲ့ ၃ နှစ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုပုံစံ ထပ်မံကျူးလွန်တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

Source: Daily News / ThaiPBS / southpeace News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013