ဘရာဇီးသမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားဟာ နိုင်ငံ့သမိုင်းမှာ အကြီးမားဆုံး ဘဏ်နဲ့ ငွေကြေးဆိုင်ရာ မသမာမှုကြီးဖြစ်တဲ့ ဘန်ကို မာစ်တာအရှုပ်တော်ပုံထဲမှာ တရားသူကြီးတွေနဲ့ အစိုးရအရာရှိတွေ ပါဝင်ပတ်သက်နေတာကြောင့် ဘယ်သူ့ကိုမှ “အကာအကွယ်မပေးဘဲ” စုံစမ်းစစ်ဆေးဖို့ စက်တင်ဘာ ၃ ရက်မှာ တောင်းဆိုလိုက်ပြီး အဖွဲ့အစည်းတွေရဲ့ သိက္ခာကို ကာကွယ် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သတင်းတွေဟာ “လိုသလို ထိန်ချန်ထားပြီး ပေါက်ကြားနေတာ” ကို တိုင်းပြည်က ဓားစာခံ အဖြစ်မခံနိုင်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ မှန်မှန်ကန်ကန်ဖြစ်စေဖို့ တရားလွှတ်တော်ချုပ်ဥက္ကဋ္ဌနဲ့ ရှေ့နေချုပ်တို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ သမ္မတ လူလာက တရားစီရင်ရေးနဲ့ နိုင်ငံရေးစနစ်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပြီလို့လည်း ဝန်ခံပြောပါတယ်။
ဘန်ကိုမာစ်တာဘဏ် အရှုပ်တော်ပုံဟာ ဘရာဇီးရဲ့သမိုင်းမှာ အကြီးမားဆုံး ခိုးယူမှုဖြစ်ပြီး အဲဒီဘဏ်နဲ့ ဘဏ်ပိုင်ရှင်ဟောင်း ဒန်နီရယ် ဗော်ကာရို တို့က ဦးဆောင်ပြီး ဘရာဇီး ပြည်နယ်နဲ့ မြို့နယ်ပေါင်း အများအပြားရှိ ပြည်သူ သန်းပေါင်းများစွာရဲ့ ငွေကြေးတွေကို လိမ်လည်ခိုးယူခဲ့တဲ့ကိစ္စ ဖြစ်တယ်လို့ သမ္မတ လူလာက ပြောပါတယ်။
ဒီမသမာမှုထဲမှာ ဘဏ်ပိုင်ရှင်ဟာ သြဇာကြီးသူ အများအပြားနဲ့ ဆက်နွှယ်မှုရှိပြီး လက်ရှိ လူလာ အစိုးရလက်ထက်မှာ သူ့ကို ဖမ်းဆီးခဲ့ပြီး ဘဏ်ကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ဒီကိစ္စမှာ နိုင်ငံရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိစရာတွေလည်း တွေ့နေရတယ်လို့ လူလာက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်မှာ တရားသူကြီး အန်ဒရေး မန်ဒွန်ဆာက ရဲတပ်ဖွဲ့အစီရင်ခံစာကို အများပြည်သူ သိအောင် ထုတ်ပြန်ခဲ့ပြီးနောက်မှာ သမ္မတ လူလာရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
တရားလွှတ်တော်ချုပ် တရားသူကြီးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တရားသူကြီး အလက်ဇန်းဒါး ဒီ မိုရေးစ်နဲ့ တခြားတာဝန်ရှိသူတွေဟာ ဘန်ကို မာစ်တာ ဘဏ်ပိုင်ရှင်ဟောင်း ဒန်နီရယ် ဗော်ကာရို၊ အနီးကပ်လူတွေနဲ့ ဘဏ်အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက် ဆက်နွှယ်မှု ရှိနေပါတယ် ဆိုပြီး ရဲအစီရင်ခံစာနဲ့တကွ စွပ်စွဲဖော်ထုတ်လိုက်တာကနေ တရားစီရင်ရေး အဖွဲ့အစည်းအတွင်း အပြန်အလှန် စုံစမ်းစစ်ဆေးခိုင်းတဲ့အထိ ပြဿနာတွေ ပိုကြီးထွားသွားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအပေါ် ယုံကြည်စိတ်ချမှုနဲ့ သမာဓိရှိရေးအတွက် တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုရှေ့နေချုပ်တို့က ဦးဆောင်ပေးဖို့ ဘရာဇီးပြည်သူတွေက မျှော်လင့်နေကြတယ်လို့ သမ္မတ လူလာက ပြောဆိုပါတယ်။
အမှန်တရားကို သိရှိပိုင်ခွင့်ဟာ ဘရာဇီးပြည်သူတွေရဲ့ အခွင့်အရေးဖြစ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပြတ်သားပြီး ပွင့်လင်းမြင်သာမှုရှိမှသာ အဖွဲ့အစည်းတွေအပေါ် ပြည်သူတွေရဲ့ လေးစားမှုကို ရရှိနိုင်မယ်လို့လည်း လူလာက ပြောပါတယ်။
Source: Reuters











