အသက် ၈၀ အရွယ် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားဟာ စတုတ္ထသမ္မတသက်တမ်းအတွက် မဲဆွယ်ပွဲကို ဩဂုတ် ၂ ရက်မှာ တရားဝင် စတင်လိုက်ပါတယ်။
ဆော်ပေါ်လိုမြို့က အလုပ်သမားပါတီညီလာခံမှာ သမ္မတရွေးကောက်ပွဲကို သတ္တမအကြိမ် ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့တာပါ။
လူလာဟာ ၂၀၀၃ ကနေ ၂၀၁၀ အထိ သမ္မတသက်တမ်း နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ မှာ အာဏာပြန်ရခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက် ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒါဟာ သူ့ရဲ့ နောက်ဆုံးသမ္မတသက်တမ်း ဖြစ်မယ်လို့လည်း ပြောပါတယ်။
ဒီမဲဆွယ်မိန့်ခွန်းမှာ လူလာက ဘရာဇီးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အဓိကထား ပြောခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ် တိုးပြီး မြေရှားနဲ့ အရေးပါတဲ့ သတ္တုသိုက်တွေကို နိုင်ငံခြားထိန်းချုပ်မှုကနေ ကာကွယ်မယ်လို့ ကတိပြုပါတယ်။
“ဒီနိုင်ငံကို ဘယ်သူမှ မကျူးကျော်နိုင်အောင် ကျနော် အသင့်ပြင်ထားချင်တယ်” လို့ လူလာက ပြောပါတယ်။
အမေရိကန်က ဘရာဇီးကုန်ပစ္စည်းတွေအပေါ် ဇူလိုင်လမှာ အကောက်ခွန် နှစ်ကြိမ် ချမှတ်ခဲ့ပြီးနောက် နှစ်နိုင်ငံတင်းမာမှု မြင့်လာချိန်မှာ အခုလို ပြောခဲ့တာပါ။
လူလာရဲ့ အဓိကပြိုင်ဘက် အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်လ်ဆိုနာရိုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့ဝင်တွေက ပွင့်ပွင့်လင်းလင်း ထောက်ခံထားပါတယ်။
ဖလာဗီယိုဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ လက်ရှိ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ သမ္မတဟောင်း ဇိုင်ယာ ဘော်ဆိုနာရိုရဲ့ သားဖြစ်ပါတယ်။
လူလာကတော့ ဒီရွေးကောက်ပွဲကို နိုင်ငံ့လွတ်လပ်မှုနဲ့ နိုင်ငံခြားသြဇာခံရမှုကြား ရွေးချယ်ရမဲ့ပွဲအဖြစ် ပုံဖော်နေပါတယ်။










