
ဘရာဇီးသမ္မတ လူးဝစ်အင်နာဆီယို လူလာ ဒါဆေးလ်ဗားက သူဟာ အထူးဆိုးရွားရက်စက်လွန်းတဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ခတ်နိုင်တဲ့ အနည်းဆုံး အသက်အရွယ်ကို ၁၈ နှစ်ကနေ ၁၆ နှစ်အထိ လျှော့ချဖို့ အဆိုပြုချက်ကို ထောက်ခံတယ်လို့ အောက်တိုဘာ ၁၅ ရက်က တီဗီဂလိုဘိုရဲ့ အဓိက သတင်းအစီအစဉ် ဂျာနယ်လ် နာစီယွန်းနားလ်နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေက အများပြည်သူ လုံခြုံရေးဆိုင်ရာ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့ အစိုးရက ထောက်ခံထားတဲ့ ဥပဒေကြမ်းထဲမှာ ဒီလို ပြစ်ဒဏ်ခတ် နိုင်တဲ့ အသက်အရွယ် လျှော့ချရေးအချက်ကိုပါ ထည့်သွင်းဖို့ အဆိုပြုထားကြပါတယ်။
ဒီဥပဒေကြမ်းကို ကြာသပတေးနေ့က ဆီးနိတ်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမဲ့ ပြစ်ဒဏ်ခတ်နိုင်တဲ့ အသက်အရွယ် ပြင်ဆင်ချက် ထည့်၊ မထည့် ဆိုတဲ့အချက်အပေါ် ငြင်းခုံနေကြတာကြောင့် မဲခွဲပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
သမ္မတ လူလာကတော့ လွှတ်တော်ထဲရောက်နေတဲ့ ဥပဒေကြမ်းဟာ တခြားအကြောင်းအရာကို အဓိကထားတာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်းထဲမှာ အသက်အရွယ် လျှော့ချရေးကို မဆွေးနွေးသင့် ဘူးလို့ ငြင်းဆိုထားပါတယ်။
ဘော်လ်ဆိုနာရို အပါအဝင် အတိုက်အခံ လွှတ်တော်အမတ်တွေကတော့ ယေဘုယျအားဖြင့် ပြစ်ဒဏ်ခတ်နိုင်တဲ့ အသက်ကို ၁၆ နှစ်အထိ လျှော့ချဖို့နဲ့ အကြမ်းဖက်မှုတွေအတွက်ဆိုရင် အသက် ၁၄ နှစ်အထိ လျှော့ချဖို့ ထောက်ခံထားကြတာပါ။
လာမဲ့ အောက်တိုဘာ ၂၅ ရက် မဲခွဲပွဲ ဒုတိယအကျော့မှာ သမ္မတ လူလာဟာ သမ္မတဟောင်း ဂျိုင်းရ် ဘော်လ်ဆိုနာရိုရဲ့ သားဖြစ်သူ ဆီးနိတ်အမတ် ဖလာဗီယို ဘော်လ်ဆိုနာရိုနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့တုန်းက မထင်မှတ်ထားဘဲ ဆီးနိတ်အမတ်က မဲပိုရပြီး ဦးဆောင်သွားခဲ့တာ ဖြစ်ပေမဲ့ မဲကွာဟချက် သိပ်မများတော့ဘူးလို့ ကြာသပတေးနေ့က ထွက်လာတဲ့ Datafolha စမ်းသပ် စစ်ဆေးမှု စာရင်းတွေမှာ ဖော်ပြထားပါတယ်။
Source: Reuters











