
မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မှူးတွေနဲ့ စစ်ကြောရေး လုပ်ဆောင်သူတွေကို ဖော်ထုတ်နိုင်ပြီး သက်သေထွက်ဆိုချက်တွေကိုလည်း ရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ကွန်ဂျန်က ပြောကြားလိုက်ပါတယ်။
စုဆောင်းထားတဲ့ အထောက်အထားတွေကို အသုံးပြုပြီး ရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားဥပဒေအရ တာဝန်ခံမှုရှိစေနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က နယူးယောက်မြို့မှာ ကျင်းပတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးမှာ IIMM အကြီးအကဲ နီကိုလက်စ်ကွန်ဂျန်က ပြောကြားသွားတာပါ။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာရသူ အရေအတွက်လည်း ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပါတယ်။ အရပ်သားတွေ ရှိနေတဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေရပ်စွန့်ခွာသူ တွေ ခိုလှုံရာ စခန်းတွေနဲ့ စာသင်ကျောင်းတွေကို ထိခိုက်စေတဲ့ ပစ်မှတ်မရှောင်ရှားဘဲ တိုက်ခိုက်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပိုမိုအရှိန်မြှင့် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေထဲမှာ ဒရုန်းတွေနဲ့ ပါရာမော်တာတွေ အသုံးပြုတဲ့ တိုက်ခိုက်မှုတွေလည်း ပါဝင်ပြီး လွန်ခဲ့တဲ့နှစ်ပတ်ကပဲ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်တခုကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့သလို ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ဈေးတခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
“မြန်မာစစ်တပ်က စီမံခန့်ခွဲတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးရာမှာလည်း ရှေ့ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ဒီရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မှူးတွေနဲ့ စစ်ကြောရေးလုပ်ဆောင်သူတွေကို ဖော်ထုတ်နိုင်ခဲ့တယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြု ရာဇဝတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လည်ပင်းညှစ်မှုတွေနဲ့ လျှပ်စစ်နဲ့ ရှော့တိုက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် သက်သေထွက်ဆို ချက်တွေကိုလည်း ရရှိထားပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပိုမိုများပြားလာတာကြောင့် ဒီဖြစ်ရပ်တွေ ကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း အထောက်အထားတွေကို အခြေခံပြီး ကျူးလွန်သူတွေရဲ့ လူမျိုးရေး ဒါမှမဟုတ်၊ နိုင်ငံရေးဆက်နွယ်မှုတွေကို မခွဲခြားဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
IIMM ယန္တရားဟာ အနာဂတ်တရားစွဲဆိုမှုတွေကို ပံ့ပိုးကူညီနိုင်ဖို့ အထောက်အထားတွေကို တစိုက်မက်မက် စုစည်းတည်ဆောက်နေတာမှာ အထောက်အထားရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ဆီ က ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုလ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပေါ်က ဖော်ပြချက်တွေနဲ့ ဘဏ္ဍာရေးမှတ်တမ်းတွေကို စုဆောင်းထားတဲ့အပြင် သက်သေတွေဆီက ထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံးတို့က တရားရေးအာဏာပိုင်တွေဆီကို အထောက်အထားတွေနဲ့ စိစစ် သုံးသပ်ချက် အမြောက်အမြား မျှဝေပေးထားတဲ့ အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်နေတဲ့ နိုင်ငံတချို့က သက်ဆိုင်ရာအာဏာပိုင်တွေဆီကိုလည်း အချက်အလက်တွေ မျှဝေပေးထားတယ်လို့ နီကိုလက်စ်ကွန်ဂျန်က ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထိခိုက်နစ်နာသူတွေကို ပစ်ပယ်ထားမှာ မဟုတ်သလို ဒီလိုရာဇဝတ်မှုတွေကိုလည်း လက်သင့်ခံမှာ မဟုတ်ကြောင်း ပြတ်သားတဲ့ သတင်းစကားပေးဖို့ လိုအပ်ပါတယ်။”
ဒါ့အပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးလည်း ဒီလအစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့ကြောင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဦးရေ ဟာ အခုဆိုရင် ၁ ဒသမ ၂ သန်းကျော် ရှိနေပြီး ဒီထဲက ရိုဟင်ဂျာ ၁၅၅,၀၀၀ ကျော်ဟာ ၂၀၂၄ ခုနှစ်အစောပိုင်းက ထွက်ပြေးရောက်ရှိလာခဲ့သူတွေလို့ IIMM အကြီးအကဲက ပြောပါတယ်။
“ကျနော်နဲ့ တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားတယောက်က မကြာသေးမီက ရခိုင်ပြည်နယ်မှာ သူရဲ့သားသမီး ၅ ယောက စလုံး အသတ်ခံခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ အမျိုးသမီးတယောက် ကလည်း သူ့ရဲ့ခင်ပွန်းကို အာရက္ခတပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုအချိန်အထိ ဘယ်နေရာမှာရှိနေတယ်ဆိုတာ မသိရသေးကြောင်း ပြောပြခဲ့ပါတယ်။ ကျနော် တွေ့ဆုံခဲ့သူအားလုံးဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာတွေ ခံစားနေကြပါတယ်။ သူတို့အားလုံးဟာ မြန်မာနိုင်ငံကို ပြန်သွားချင်ကြပြီး တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် သူတို့တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မဲ့နေ့ ပိုပြီးမြန်မြန်ဆန်ဆန် ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။”
ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်တို့လည်း အသီးသီး မိန့်ခွန်းတွေ ပြောကြားသွားခဲ့ပါတယ်။











