
မက္ကဆီကိုအာဏာပိုင်တွေဟာ မတ် ၂၃ ရက်က နိုင်ငံအရှေ့ပိုင်း ဗယ်ရာခရုဇ်ပြည်နယ်မှာ ကုန်တင်ကား တစီးရဲ့ နောက်ခန်းအတွင်း ပြည့်သိပ်ကျပ်ညပ်စွာ လိုက်ပါလာတဲ့ ရွှေ့ပြောင်း သွားလာသူ ၂၂၉ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
အရာရှိတွေဟာ အခိုးခံရကြောင်း တိုင်ကြားထားတဲ့ နောက်တွဲယာဉ် တစီးကို တားဆီးစစ်ဆေးတဲ့ လုံခြုံရေးစီမံချက်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီယာဉ်ထဲမှာ အရွယ်မရောက်သေးသူ ၁၇ ယောက်လည်း ပါဝင်ပါတယ်။
ဒါဟာ လပေါင်းအတော်ကြာအတွင်းမှာ ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက်ပိုင်း ရွှေ့ပြောင်းသွားလာမှုတွေ ပြန်ပြီး မြင့်တက်လာနိုင်ခြေ ရှိတာကို ပြသနေပါတယ်။
အဲဒီနောက်တွဲယာဉ်ကို ကားထိန်းသိမ်းရေးကွင်းထဲမှာ ထားရှိချိန်မှာ ကားထဲနေ အော်ဟစ် အကူအညီ တောင်းသံတွေ ကြားရပြီးနောက်မှာမှ အခိုးခံရတဲ့ကားထဲမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်း သွားလာသူ တွေကို တွေ့ခဲ့တာလို့ ပြည်နယ်အစိုးရ ဒုတိယအတွင်းရေးမှူး ဟိုဆေး မာနူယယ် ပိုဇိုစ်က ပြောပါတယ်။
ဗယ်ရာခရုဇ်ပြည်နယ်အစိုးရရဲ့ ဒေသဆိုင်ရာမူဝါဒ ညွှန်ကြားရေးမှူး အဒေါ့လ်ဖှိုတော့စ် ကက်ပီစ်ထရန်က “ရွှေ့ပြောင်းသွားလာသူတွေဟာ ကျန်းမာရေး အသင့်အတင့်ကနေ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိကြပေမဲ့ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေတော့ တွေ့ရတယ်” လို့ ပြောပါတယ်။
အဲဒီ ရွှေ့ပြောင်းသွားလာသူတွေဟာ ဂွါတီမာလာ မျိုးနွယ်စုဝင်တွေအပါအဝင် အလယ်အမေရိက နိုင်ငံတွေက လာကြသူတွေ ဖြစ်တယ်လို့ ကက်ပီစ်ထရန်က ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက အခင်းဖြစ်နေရာမှာ ဆေးကုသမှု ပေးနေချိန်မှာပဲ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရှေ့နေချုပ်ရုံးက အရာရှိတွေက ဥပဒေကြောင်းအရနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
Source: Reuters










