DVB Logo
Home
နိုင်ငံတကာ
ဥရောပတဝန်း အပူလှိုင်းရိုက်ခတ်ပြီး တောမီးများ လောင်ကျွမ်း
DVB
·
July 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဥရောပမှာ နွေရာသီ အပူလှိုင်းတွေ အဆက်မပြတ် ရိုက်ခတ်လို့ တောမီးလောင်ဖို့ အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးသလို ဖြစ်နေပါတယ်။

ပြင်သစ်နဲ့ စပိန်နိုင်ငံတချို့မှာ လောင်နေတဲ့တောမီးတွေက လျော့ပါးသွားမဲ့လက္ခဏာ မပြလို့ လူပေါင်း ၃၆၀,၀၀၀ ကျော် သူတို့အိမ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဂျီဟွန်ဒ်ဒေသမှာ လူပေါင်း ၅ သောင်းခွဲကို တညလုံး ဘေးလွတ်ရာဆီ ရွှေ့ပေးခဲ့ရတယ်လို့ အရာရှိတွေက ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ ဥရောပမှာ တောမီးဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ နိုင်ငံတွေထဲမှာ ပါပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံထဲမှာ အကြီးမားဆုံး တောမီးလောင်ကျွမ်းအတွင်း ဂျီဟွန်ဒ်ဒေသ တခုတည်းမှာ မြေဧက ၁၀၃,၇၈၀ လောက် လောင်ကျွမ်းခဲ့ပါတယ်။

အခုအချိန်အထိ လူပေါင်း ၂ သိန်းခွဲလောက် ဒီဒေသကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မီးတောက်တွေဟာ နာမည်ကြီး ဝိုင်ထုတ်လုပ်ရာ ဆိပ်ကမ်းမြို့ ဘော်ဒိုးဆီ ဦးတည်လာနေပါတယ်။

ဇူလိုင် ၂၆ ရက်မှာ စပိန်နိုင်ငံ၊ စန်မာတင် ဒေ ဗယ်ဒီဂလီ ဆီးယာစ် ဒေသမှာရှိတဲ့ တောမီးတွေပေါ်ကနေ မီးသတ်ရဟတ်ယာဉ်တွေက ရေဖျန်းပေးခဲ့ပြီး နိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်က ဆက်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေက ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောတဲ့ ပိုပြင်းထန်တဲ့ တောမီးရာသီတွေကို စပိန်နဲ့ ဥရောပတောင်ပိုင်း အများစုမှာ ရင်ဆိုင်နေရတာပါ။

နွေဦးရာသီမှာ ပုံမှန်မဟုတ်ဘဲ မိုးရွာလို့ သစ်ပင်တွေ ပေါလာတာဟာ နွေရာသီအပူဒဏ်မှာ ခြောက်သွေ့သွားပြီး မီးတွေကို မြန်မြန်ပျံ့နှံ့စေတဲ့ လောင်စာဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။

အရေးပေါ်ဝန်ထမ်း ၂၇၀ ကျော်နဲ့ မြေပြင်ယူနစ် ၄၀ ကို စစ်ဘက်အရေးပေါ်ယူနစ် (UME) တပ်ဖွဲ့ အမြောက်အမြားနဲ့အတူ ထိခိုက်ခံရတဲ့ ဒေသတွေမှာ တာဝန်ချထားခဲ့ပါတယ်။

အခုနှစ်အတွင်း စပိန်မှာ တောမီးက သစ်တောမြေ ဟက်တာ တသိန်းကျော်ကို လောင်ကျွမ်းခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှ နှစ်စဉ် လောင်ကျွမ်းဧရိယာနဲ့ ညီမျှခဲ့တာပါ။

လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ၂၀၂၆ ခုနှစ်ဟာ ဆယ်စုနှစ်များစွာအတွင်း အသေအပျောက်အများဆုံး တောမီးလောင်တဲ့ နှစ်တွေထဲက တနှစ် ဖြစ်လာပါတယ်‌။

ပြီးခဲ့တဲ့လဟာ အနောက်ဥရောပမှာ မှတ်တမ်းတင်ထားတဲ့ အပူဆုံးဇွန်လဖြစ်ပြီး ကမ္ဘာတဝန်းမှာ ဒုတိယအပူဆုံးဇွန်လ ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောခဲ့ပါတယ်။

ဂျာမနီနဲ့ ယူကေ နှစ်နိုင်ငံစလုံးမှာတော့ ၃ ရက်ဆက်တိုက် အပူချိန်စံချိန်သစ်တွေ တင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013