
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က မယ်ဆိုင်ချောင်းရေဟာ ဒီနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ စိုးရိမ်ရေအမှတ်အနီးကို ရောက်လာပြီး ရပ်ကွက်၊ ဈေးနဲ့ ကားလမ်းပေါ် ရေဝင်ရောက်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေအမှတ်အောက် ပေဝက်ကျော်အလိုမှာ ရောက်ရှိနေပြီး နောက် ၆ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒေသခံတယောက်က “အခုဆိုရင် ဆန်ဆိုင်း၊ မင်းလမ်းတွေပေါ်ကို ရေကတက်နေပြီ။ မယ်ဆိုင်တံတားဘောင်နဲ့ ရေက ထိလာနေပြီပေါ့နော်။ မိုးကလည်း တော်တော်သည်းတယ်။ အဆက်မပြတ်ကို ရွာနေတာ။ လက်ရှိတော့ တာလော့၊ ပုန်းထွန်း၊ မကာဟိုခမ်း၊ မယ်ခေါင်နဲ့ ဆန်ဆိုင်းရပ်ကွက်တွေ ရေကြီးနေပါတယ်” လို့ DVB ကို ပြောပါတယ်။
မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၃၉၀ စင်တီမီတာရှိပြီး မနက် ၈ နာရီ တိုင်းထွာချက်တွေအရ စင်တီမီတာ ၃၈၀ ကို ရောက်ရှိလာနေပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒီလိုပဲ မိုးများရင် တောင်ကျချောင်းရေ ကျတယ်၊ ရေကြီးတယ်ပေါ့။ ရပ်ကွက်တွေထဲ ရေမဝင်ဖို့ သဲအိတ်တွေ၊ တာတွေ လုပ်ပေမဲ့လည်း ရေကြီးနေတာပဲ။ လွိုင်ဆန်ဆုံတောင်ကြောကနေ တောင်ကျရေတွေ ဆင်းလို့ ရေကြီးနေတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ဒေသခံတွေဟာ ပြောင်းရွှေ့တာတွေ မလုပ်ကြသေးပေမဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လာရင်တော့ ပြောင်းရွှေ့ဖို့ ပြင်ဆင်မှာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။










