
ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၀ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဒီကနေ့ ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အဲဒီ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်တချို့မှာလည်း သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က "တော်တော်လေး သိသိသာသာ လှုပ်သွားတာ၊ သိမ့်ကနဲ သိမ့်ကနဲ ၂ ချက်လောက် လှုပ်သွားတယ်" လို့ DVB ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ မျှဝေမှုတွေအရ ဒီကနေ့ ၁၂ နာရီကနေ ၁ နာရီဝန်းကျင်အတွင်း အင်အားသိသာတဲ့ ငလျင် ၂ ကြိမ်လောက် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ငလျင် ဗဟိုချက်အကွာအဝေးအရ တချို့မြို့ခံတွေအနေနဲ့လည်း ငလျင်လှုပ်တာကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံ မြေငလျင်စင်တာက ထုတ်ပြန်တဲ့ ငလျင်သတိပေးချက်အရ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ကော့မှူးမြို့နဲ့ ၅ မိုင်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၀ အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မိုး/ဇလ ဌာနကတော့ အင်အား ၃ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု ဒေးဒရဲမြို့အနီး ၇ မိုင်အကွာ မြေအောက် အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။











