
ရန်ကုန်မြို့မှာ ဧရာဝတီတိုင်းကနေ အလုပ်သွားလုပ်နေတဲ့ အရပ်သားလူငယ် ၂ ယောက် ပေါ်တာ ဆွဲခံရပြီး စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်းစုဆောင်းရေးနေရာကို ရောက်ရှိနေတယ်လို့ ဒေသခံထံက သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်နဲ့ လပွတ္တာ မြို့နယ်တို့ကနေ ရန်ကုန်တိုင်းမှာ အလုပ်သွားလုပ်နေတဲ့ အရပ်သားတွေဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကနေအပြန် အောက်တိုဘာ ၂၆ ရက်မှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံ ခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကားတစီးနဲ့ စစ်သားတွေက ဖမ်းခေါ်သွားတာ။ ၂၆ ရက်နေ့ ညနေ ၇ နာရီ လောက်မှာ ဖမ်းခေါ်ခံရတာ။ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတယ်လို့ မထင်ဘူး” လို့ ပြောပါတယ်။
အတင်းအဓမ္မ ပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ အဆောင်ငှား နေထိုင်ကြပြီး သင်္ဃန်းကျွန်းမြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ အသက် ၃၀ ကျော်အရွယ် ကိုသက်ကိုနဲ့ အသက် ၂၀ ခန့်အရွယ် ကိုနေမင်းထက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ပေါ်တာဆွဲခံရသူတွေနဲ့ မိသားစုတော်စပ်သူတယောက်က “အလုပ်ဆင်းပြီး အိမ်ပြန်ရောက် မလာတာ။ ပေါ်တာဆွဲခံရတာကို ကောင်လေးတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကတဆင့် သိရတာ။ အခု မှော်ဘီဘက် ရောက်နေတယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတွေ စုဆောင်း ထားတဲ့နေရာမှာ တခြား စစ်မှုထမ်းဖို့ စုဆောင်းခံထားရသူတွေနဲ့အတူ ထားရှိပြီး စစ်သင်တန်းကျောင်း တခုကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေဆီက သိရပါတယ်။
အတင်းအဓမ္မ ပေါ်တာဆွဲခံရတဲ့ ဧရာဝတီတိုင်းက လူငယ် ၂ ယောက်ဟာ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေတာ တနှစ်ခွဲခန့်ရှိပြီလို့ မိသားစုဝင်တွေဆီက သိရပါတယ်။











