
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၃ ရက် တရက်တည်းမှာ ကျေးရွာ ၃ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “ပေါက်အရှေ့ပိုင်း ထောက်ရှာပင်ရွာမှာ တပ်စွဲနေတဲ့ စစ်ကြောင်းက ၁၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ထောက်ရှာပင်ရွာထဲကနေ ထွက်လာပြီးတော့ သူတို့တွေ တပတ်နီးပါးလောက် တပ်စွဲခဲ့တဲ့ အဲဒီ ထောက်ရှာပင်ရွာကို မီးရှို့ခဲ့တယ်။ ညနေ ၅ လောက်မှာတော့ မြိုင်နယ် အနောက်တောင်ပိုင်းထဲ ဝင်လာပြီး ကန်နက်ရွာကို မီးရှို့တယ်။ ည ၉ နာရီမထိုးခင်လောက်မှာလည်း မြိုင်မြို့နယ်ထဲကပဲ လက်ခုပ်ပင်ရွာကို ဝင်ပြီး မီးရှို့ပြန်တယ်။ မီးလောင်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကို ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၃ ရက် ညပိုင်းမှာတော့ မြိုင်မြို့နယ် အနောက်တောင်ပိုင်းက ကန်နက်၊ လက်ခုပ်ပင်၊ မြင်းကိုးသစ်ရွာတွေ ပတ်ဝန်းကျင်မှာ တပ်ဖြန့်ချထားတယ်လို့လည်း ဆိုပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲအခြေအနေကတော့ ဖြစ်တာမရှိသေးပေမဲ့ ဆိုင်ထားတဲ့ အနေအထားပါ။ ရန်သူ့ဘက်က အင်အားကတော့ ၃၀၀ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းတယ်။ စစ်ကြောင်းအထိုးခံရတဲ့ ရွာတွေမှာ ရှိတဲ့ ပြည်သူတွေကတော့ ထွက်ပြေးနေကြတာပေါ့” လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူတွေ အနေနဲ့လည်း အဆိုပါစစ်ကြောင်းရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်သွားတာကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကူညီဆောင်ရွက်ပေးနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာလည်း ငါးတင်းကြီးကျေးရွာက ကျေးလက်ဆေးခန်းကို ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီခွဲမှာ စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “ဗုံးသီး ၃ လုံး ကြဲတယ်။ နောက်ပြီး စက်လတ်နဲ့လည်း ပစ်တယ်။ သတင်းရလို့ ရွာသားတွေက အပြေးအလွှား ရှောင်နိုင်ကြပေမဲ့ အသက် ၄၀ အရွယ် ပြည်သူ အမျိုးသားတဦးနဲ့ ဆေးခန်းက အသက် ၂၅ နှစ်အရွယ် ဆရာမလေးတဦး ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး အဆောက်အအုံတွေလည်း ပျက်ပြီးတော့ ကားတွေ ဆိုင်ကယ်တွေနဲ့ ဆေးပစ္စည်းတွေပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါ ငါးတင်းကြီးရွာဟာ ခင်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင် အကွာအဝေးမှာ တည်ရှိတာ ဖြစ်ပြီး တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်လိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။
ခင်ဦးမြို့နယ် တော်လှန်ရေးရဲဘော်တယောက်က “သာမန်ပြည်သူတွေကို ဆေးကုသ၊ ဆေးပေးတာတွေ လုပ်နေတဲ့ ဆေးခန်းလေးပါ။ ပြည်သူတွေ ကျန်းမာရေးအတွက် သွားရေးလာရေး ခက်ခဲနေတာကို အဆင်ပြေအောင် ပရဟိတနဲ့ အခမဲ့ ကူညီပေးနေတဲ့ ဆေးခန်းလေးပါဗျာ။ ဒါကို စစ်ပွဲဖြစ်တဲ့ စစ်မြေပြင်အတိုင်း ဗုံးကြဲတာရော စက်လက်နက်နဲ့ပါ ပစ်ခတ်သွားတာ။ အတော်ယုတ်မာတဲ့ စစ်တပ်ပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်၊ သာဝတ္ထိရွာကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၅ ယောက် ကျည်စထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။










