
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေနဲ့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လေကြောင်းပစ်ကူတွေကို အပြင်းအထန် အသုံးပြုနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မိုးမိတ်မြို့နယ်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ညောင်နီရွာနဲ့ မဘိမ်းလမ်းဝန်းကျင်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။
ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့ တိုက်ပွဲတွေထဲ စစ်တပ်က Mi-35 စစ်ရဟတ်ယာဉ်တွေအပြင် ဂျက်တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA ဘက်က ပြောပါတယ်။
လက်ရှိ မြေပြင်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ KIO/KIA သတင်းပြန်ကြားရေး ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးဝင်လာလို့ KIA နဲ့ ပူးပေါင်းတပ်တွေ ခံပြီးမှတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်ဆိုတဲ့ သတင်းပေးလာတာရှိပါတယ်။ ဟိုတနေ့ကတော့ လေကြောင်းလာတာ၊ လေကြောင်းကတော့ Mi-35 နဲ့ စက်သေနတ်နဲ့ ပစ်တယ်ဆိုတာ သတင်းပေးတာ ရှိပါတယ်တယ်။ မနေ့ကလည်း မဘိမ်းဘက်မှာ ဗုံးကြဲတယ်လို့ ကြားတယ်နော်။ ကြားတာပဲ၊ အတိအကျ Confirm ဖြစ်တာတော့ မဟုတ်ပါဘူး။ မိုးမိတ်ဘက်မှာကတော့ KIA ရဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၊ ဌာနတွေ တွေရှိပါတယ်။ ကျနော်တို့ KIA ရဲ့ ဌာနချုပ် နယ်မြေထဲမှာ ဝင်တိုက်တာတော့ မဟုတ်ပါဘူး၊ လမ်းကြောင်းမှာ၊ လမ်းတကြောမှာ တက်လာလို့ အဲဒီနေရာမှာပဲ ခံပြီးမှတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်”လို့ ပြောပါတယ်။
စစ်ရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်အရ မိုးမိတ်မြို့ဟာ စစ်အာဏာရှင်အတွက် ရှမ်းမြောက်ဒေသမှာ ကျန်ရှိနေသေးတဲ့ အရေးပါတဲ့ ဗျူဟာမြောက် မြို့တမြို့ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မဘိမ်းမြို့ကို စစ်ကြောင်းထိုးနိုင်ဖို့အတွက် မိုးမိတ်ကို အခြေပြုဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
စစ်အာဏာရှင်ရဲ့ စစ်ရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး စစ်ရေးလေ့လာသူ ဗိုလ်ကြီးဇင်ယော်က “သူတို့ရဲ့ အဓိက အနေအထားက မိုးမိတ်ကနေ ရွှေလီမြစ်ဆုံကို သူတို့ ပြန်ပြီးတော့ ထိန်းချုပ်လိုတာ။ အဓိကက သူတို့က ဒီ ရှမ်းမြောက်ရဲ့ နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့ မဘိမ်းကို တိုက်စစ်ဆင်လိုတဲ့ အနေအထားမျိုးပေါ့။ ဒါကြောင့် မိုးမိတ်နဲ့ မဘိမ်းကြားမှာ သူတို့တပ်တွေ စပြီးတော့ ဖြန့်ဝင်လာတဲ့ အနေအထားမျိုးပဲ။ ကျနော်တို့ ပြောရမယ်ဆိုရင် မိုးမိတ်ထက် မဘိမ်းက ပိုပြီးတော့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ မဘိမ်းက ရွှေလီမြစ်ဝှမ်းမှာ အချက်အချာကျတယ်။ ပြီးရင် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေနဲ့ ဆက်သွယ်လို့ရသလို၊ ကချင်ပြည်နယ် မံစီ၊ မိုးမောက်ဘက်တွေကိုပါ တိုက်စစ်ဆင်လို့ရတဲ့ ခြေကုပ်နေရာတခု ဖြစ်တယ်။ ဒါကြောင့်မို့လို့ မိုးမိတ်-မဘိမ်းကြားကို စစ်တပ်ဘက်က စစ်ကြောင်းတွေ တပ်ဖြန့်ပြီးတော့ နေရာယူလာတဲ့ အနေအထားပဲ”လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့အမျှ ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ စစ်ရဟတ်ယာဉ်တွေနဲ့ အနီးကပ် ပစ်ခတ်နေတာကြောင့် ကျေးရွာတချို့မှာ ဘုန်းတော်ကြီးတပါး ထိခိုက်ခဲ့သလို လူနေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးတာတွေ ရှိနေပါတယ်။
မိုးမိတ်ဒေသခံကတော့ ကြုံတွေ့နေရတဲ့ အခြေအနေကို ဩဂုတ် ၁၃ ရက် မနက်ပိုင်းမှာ အခုလို ပြောပါတယ်။
မိုးမိတ်ဒေသခံတယောက်က “ဒီနေ့တော့ ခုချိန်ထိ ငြိမ်နေပါတယ်။ လေယာဉ်တွေနဲ့လာချမှ သိတာ။ ခုထိ ဒရုန်းတွေတော့ ဝဲတာပဲ။ ညောင်နီဘက်ကတော့ ရှောင်နေကြတယ်၊ အသွားကို ပိတ်ထားတယ်။ မြို့ထဲဘက်ပဲ လာလို့ရတယ်။ ဒီနေ့တော့ ပြန်သွားလို့ရပြီ ကြားပေမဲ့ မသွားရဲသေးဘူး။ မြို့ထဲကတော့ မစိုးရိမ်ရဘူးလို့ ထင်တာပဲ၊ ဘာလို့ဆို စစ်တပ်က ရွာတွေမှာ နေရာယူထားတော့ တိုက်မယ်ဆိုရင်တောင် ရွာတွေမှာ အရင်ဖြစ်မှာလေ။ အဲဒီလိုဖြစ်ရင် လေကြောင်းက ချက်ချင်းရောက်လာမယ်။ Mi-35 လိုဟာမျိုးက တွင်းငယ် ၁၃ တပ်မှာ ထားတာလို့ ကြားရတာကိုး။ ဖြစ်တဲ့နေ့တွေတုန်းကလည်း Mi က အရင်လာချတာ၊ ပြီးမှ Y-12 တို့ ဖိုက်တာတို့က ရောက်လာတာဆိုတော့၊ ခုက လေကြောင်းကိုပဲ ကြောက်နေရတာ။ ညောင်နီရွာနဲ့နီးတဲ့ သဲနီရွာတို့မှာ အိမ်တို့၊ ကားတို့ ပစ္စည်းတွေ အစမှန်တာ၊ ပျက်စီးတာရှိတာပေါ့”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်က မိုးမိတ်မြို့နယ်ထဲ ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းနေပြီး မြေပြင်စစ်ကြောင်းတွေနဲ့ နယ်မြေပြန်လည်စိုးမိုးဖို့ ကြိုးစားနေသလို၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကြားဖြတ်ခုခံနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။











