DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှဒရုန်း ထိုင်းဘက်ကျပြီး  လူသေဆုံးထိခိုက်ပြီးနောက် ဆောင်ရန် ရှောင်ရန် ထုတ်ပြန် 
DVB
·
June 3, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ကရင်ပြည်နယ်ဘက်မှာ ဇွန် ၂ ရက် မွန်းလွဲပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်တဲ့ ဗုံးသီးပါ အသေခံ ဒရုန်းတစင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲရှိ ငရုတ်ခင်းထဲပြုတ်ကျပေါက်ကွဲခဲ့လို့ မြန်မာရွေ့ပြောင်းလုပ်သား မိသားစုဝင် ၃ ယောက် သေဆုံးကာ  ၂ ယောက် အပြင်းထန် ဒဏ်ရာရသွားပါတယ်။ 

အခင်းဖြစ်ပွားပြီးတဲ့နောက် ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေက အဆိုပါနေရာကို အန္တရာယ်ရှိဇုန် အဖြစ် သတ်မှတ်ပြီး  ဖြတ်သန်းသွားလာခွင့်ပိတ်ထားကာ ပေါက်ကွဲမှုအပိုင်းအစတွေ ရှင်းလင်းခဲ့ ပါတယ်။ 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေကိုပါ အရေးပေါ်ထုတ် ပြန်လိုက်ပါ တယ်။

အဆိုပါထုတ်ပြန်ချက်မှာ ရှောင်ရန်အနေနဲ့ လယ်ယာစိုက်ခင်းထဲ ထူးဆန်းတဲ့ပုံသဏ္ဌန်ရှိ အရာဝတ္တု တွေ၊ သံတိုသံစ၊ ပိုက်လုံး၊ လေယာဉ်ပျံအပိုင်းအစ ဒါမှမဟုတ် ဗုံးနဲ့တူတဲ့ ပစ္စည်းတွေ တွေ့ရှိက အနီးသို့ လုံးဝသွားမကြည့်ရ၊ အဆိုပါအရာဝတ္တုတွေကို သွားရောက်ကိုင်တွယ်ထိတွေ့တာ၊ ခွါကြည့်တာ၊ ဆွကြည့်တာ၊ ပြောင်းရွှေ့တာမပြုရ၊ ဗုံးစနက်တံတွေဟာ အနည်းငယ်လှုပ်ခါရုံနဲ့ ပေါက်ကွဲသွားနိုင်လို့ အဲဒီအရာဝတ္တုတွေကို အိမ်ယူလာပြီး သံတိုသံစတွေ ခွါယူတာ ဒါမှမဟုတ် အဟောင်းဆိုင်တွေမှာ သွားမရောင်းရ၊ အသက်အန္တရာယ်အလွန်ရှိတယ်လို့ သတိပေးထားပါတယ်။ 

ဆောင်ရန်အချက်တွေကတော့ အဆိုပါထူးဆန်းသောအရာကို မတော်တဆအနီးကပ်တွေ့ရှိက အနည်းဆုံး မီတာ ၁၀၀ မှ ၂၀၀ ခန့်ထိ ပြန်ဆုတ်ခွါပါ။ တည်နေရာကို အကြမ်းဖျင်းမှတ်ထားပြီး ရဲစခန်းအ‌ရေးပေါ် နံပတ် ၁၉၁ ဒါမှမဟုတ် ရွာသူကြီး၊ စစ်တပ် စတဲ့ တာဝန်ရှိသူထံ အကြောင်းကြားပါ၊ ကျွမ်းကျင်သော မိုင်းရှင်းရေးအဖွဲ့က လာရောက်စစ်ဆေးပြီး စနစ်တကျ ဖျက်ဆီးနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာဘက်က တိုက်ပွဲသံ၊ ပေါက်ကွဲသံတွေ ကြားရတဲ့အခိုက်မှာ ရွာသားတွေအနေနဲ့ မိမိနဲ့တကွ မိသားစုဝင်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် နယ်စပ်နဲ့ကပ်လျက်မှာရှိတဲ့ လယ်ယာခြံ မြေကွင်းပြင်‌တွေမှာ သွားရောက်လုပ်ကိုင်တာကို ခဏရှောင်ကြဉ်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

မနေ့ကမြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်ဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မြန်မာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်ကြား တိုက်ပွဲပြင်းထန်ပြီး ဒရုန်းတစင်းက ထိုင်းဘက်ခြမ်း ဖုပ်ဖရမြို့နယ်၊ မော်ကယ်ထိုင်းကျေးရွာရှိ ငရုတ်ခင်းထဲကျရောက်ခဲ့တယ်။ အဆိုပါဒရုန်းဟာ မြေပေါ် မကျခင် သစ်ပင်ကြီးတပင်ကိုဝင်တိုက်ပြီးမှ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ 

ဒီအချိန်မှာ ငရုတ်သီးတွေ ဆွတ်ခူးနေတဲ့ အသက် ၂၅ နှစ်ရွယ်  မြန်မာရွေ့ပြောင်းလုပ်သား မခိုင် က အရင်တွေ့ပြီး သွားကြည့်ဖို့ သူ့ယောကျ်ား အသက် ၃၇ နှစ်အရွယ် ကိုသူရကိုပါ အဖော်ခေါ်လိုက်တယ်။ အဲဒီနောက် ၁၁ နှစ်ရွယ်ရှိ သူတို့သားလေးနဲ့ နောက်ထပ်စိုက်ခင်းထဲက အလုပ်သမားတွေပါ သွားကြည့်ကြတာမှာ ဒရုန်းနဲ့အတူပါလာတဲ့ ဗုံးသီးက ပေါက်ကွဲပြီး သူတို့ မိသားစု ၃ ယောက်အပါအဝင် ၅ ဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က သူတို့ကို ဆေးရုံသို့ခေါ်ဆောင်သွားစဉ်မှာဘဲ မခိုင်တို့ မိသားစု ၃ ယောက်လုံး လမ်းခုလပ်မှာ သေဆုံး သွားကြ ပါတယ်။ 

ကျန်တဲ့ မြန်မာလုပ်သား ၂ ယောက်ဖြစ်တဲ့ ချစ်သူနဲ့ မနိုင်တို့ကတော့ ဒဏ်ရာပြင်းထန်ပြီး ICU အရေးပေါ်ခန်းမှာ ကုသနေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ကတိုက်ပွဲတွေကြောင့် မြဝတီမြို့နယ် စုကလိနဲ့ ဝါးလေ ကျေးရွာက ကရင် ရွာသားပေါင်း ၂၀၀ လောက်ဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြပြီး မြန်မာဘက်ခြမ်းက တိုက်ပွဲကြောင့် ထိုင်းနယ်စပ်တလျှောက်ကို တိမ်းရှောင်လာသူတွေဟာ အခုဆိုရင် အယောက် ၃,၀၀၀ လောက် ရှိသွားပြီဖြစ်တယ်။ 

အဆိုပါစစ်ဘေးရှောင်တွေကို  မဲဆောက်အခြေစိုက်၊ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းမှ တပ်ဖွဲ့ဝင် တွေ၊ ဖုပ်ဖရမြို့နယ် အုပ်ချုပ်ရေးရုံးနဲ့ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေပေးနေပြီး ထိုင်းပြည်သူတွေ ဘေးအန္တရာယ်ကင်းရေးအတွက် လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source:  MGROnline / Amarin TV / AEC Asian Thai News 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013