
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်မှာ အောက်တိုဘာ ၂၅ ရက်က ရုတ်တရက် မိုးများပြီး တောင်ကျချောင်းရေတွေ ကျလာလို့ ဖူးခက်အပန်းဖြေကမ်းခြေမြို့ရဲ့ လူနေရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ညလုံးပေါက် မိုးရွာပြီးတဲ့နောက် ဖူးခက်၊ ကရထုနဲ့ ထလန် မြို့နယ် ၃ ခုစလုံးရဲ့ လူနေရပ်ကွက်တွေထဲကို တောင်ကျရေတွေ ရုတ်တရက်ကျလာပြီး ရေစီးသန်ကာ အိမ်ရှေ့ ရပ်ထားတဲ့ကားတွေ ရေနစ်မြုပ်ခဲ့ရသလို ဆိုင်ကယ်တွေလည်း ရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။
လက်ရှိ ဖူးခက်၊ ကရထု၊ ထလန် စတဲ့ ဒေသ ၃ ခုမှာ ထိခိုက်ပျက်စီးမှုတွေ များနေပြီး တောင်ကျရေတွေနဲ့အတူ ပါလာတဲ့ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်နေတဲ့အတွက် ဒေသတွင်း တချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။
အောက်တိုဘာ ၂၇ ရက်အထိ ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရတဲ့ ရပ်ကွက်တွေမှာ ဘာတွေကြုံနေရလဲ ဆိုတာကို ဖူးခက်နေ မြန်မာတယောက်က အခုလို ပြောပြထားပါတယ်။
“လောလောဆယ်တော့ သတိထားနေရတယ်ပေါ့လေ။ မိုးကတော့ သိပ်တော့မရွာတော့ဘူး၊ ရွာရင်တော့ သတိထားနေရတယ်။ ကျနော်တို့နေတဲ့ လမ်းတလျှောက်ဆိုရင် ၅ မိနစ်လောက်ပဲ သွားရမယ် ထင်တယ်၊ အဲဒီနားမှာဆို တောင်ပြိုတယ်လေ။ တောင်ပြိုပြီးတော့ လမ်းတွေ ပိတ်ဆို့ပြီးတော့ အဲဒီလိုမျိုးဖြစ်သွားတာ။ ထိခိုက်ပျက်စီးတဲ့ နေရာတဝိုက်မှာတော့ ဆိုင်သေးသေးလေးတွေ ပိတ်ရတာတွေ ရှိတယ်။ အဲ့လိုဆိုင်တွေမှာ လုပ်တဲ့ အလုပ်ဝန်ထမ်းတွေ ပိတ်ရတယ်၊ တရက် နှစ်ရက်ပေါ့လေ အဲဒီလိုပုံစံမျိုး ပိတ်ရတာတွေရှိတယ်။ အခုတော့ လမ်းတွေကတော့ ရှင်းနေတုန်းပေါ့လေ။ တချို့လမ်းတွေ ပိတ်တယ်၊ တချို့သွားလာရတဲ့ အခြေအနေတွေက နည်းနည်းလေး အခက်အခဲရှိတာပေါ့လေ။”
ထိုင်းမိုးဇလဌာနက ဖူးခက် အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၆ ခုမှာ အောက်တိုဘာ ၂၈ ရက်အထိ မိုးဆက်ရွာနိုင်ပြီး ရုတ်တရက် ရေကြီးမြေပြိုမှုတွေ ထပ်ကြုံနိုင်မဲ့အပြင် အနိမ့်ပိုင်းဒေသတွေမှာ ရေဝပ်တာတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။
ပင်လယ်ပြင်ထွက်မဲ့ လှေသင်္ဘောတွေအနေနဲ့လည်း လှိုင်းအမြင့် ၂ မီတာအထက် မြင့်တက်နိုင်တဲ့အတွက် မိုးသက်မုန်တိုင်း ကျရောက်နိုင်တဲ့ နေရာတွေမှာ အထူးသတိပြုကြဖို့နဲ့ ဒေသခံပြည်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့လည်း ထိုင်းအာဏာပိုင်တွေရဲ့ သတိပေးချက်တွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
ဖူးခက်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လည်ပတ်တဲ့ မြို့ပြဒေသတခု ဖြစ်သလို မြန်မာလုပ်သား အမြောက်အမြားရှိတဲ့ ဒေသဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ မြန်မာအချင်းချင်း သတင်းအချက်အလက်တွေ မျှဝေပြီး သတိထားနေကြတယ်လို့ မြေပြိုတဲ့ဒဏ် ခံနေရတဲ့ ပါသောင်မြို့နေ မြန်မာတယောက်က ပြောပါတယ်။
“ဖြစ်တာက ညဘက်ကြီး မိုးရွာချပြီး နွံ့တွေ၊ ကျောက်တုံးတွေပါ ပါလာတာကိုး။ နည်းနည်းတော့ စိုးရိမ်ရတာပေါ့၊ ထပ်ဖြစ်ရင် မလွယ်ဘူးလေ။ မိုးဆက်ရွာလာနိုင်တယ်ဆိုတော့ တောင်စောင်းဘက်တွေ၊ ရေကြီးတတ်တဲ့ နေရာတွေဘက် သွားရင် အကုန်လုံးက တော်တော်လေး အရေးစိုက်ကြပါတယ်။ တယောက်နဲ့ တယောက်လည်း သတင်းတွေ ဘာတွေကြားရင် ကြိုပြောပြီး သတိထားနေနေကြတာပေါ့ဗျာ။”
ဖူးခက်ခရိုင်ရဲ့ တာဝန်ရှိသူတွေနဲ့ ဒေသန္တရအစိုးရဘက်က ထုတ်ပြန်ချက်တွေအရတော့ ဖူးခက်ဒေသအတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စုပေါင်း ၁၀၀ ကျော် ထိခိုက်နစ်နာခဲ့ရပြီး လူထိခိုက်သေဆုံးမှု တစုံတရာ မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။











