ဗြိတိန်နိုင်ငံက ရဲအရာရှိတွေဟာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ဇနီး မက်ဂန်ဆီ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ စာတစောင်ပေးပို့ခဲ့ပြီး သူ့ရဲ့ဖခင်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို အကြောင်းကြားခဲ့ရတယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ရက်မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့က ဒီစာကို တခြားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ မမျှဝေခဲ့ဘူးလို့လည်း ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အာဏာပိုင်တွေက သောမတ်စ်မာကယ်ကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုဆိုင်ရာ ဓာတ်ပုံတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သောကြာနေ့မှာ ပြောခဲ့ပါတယ်။
အသက် ၈၂ နှစ်အရွယ် သောမတ်စ်မာကယ်ဟာ အများပြည်သူရှေ့မှာ မှတ်ချက်တစုံတရာ မပေးခဲ့ဘဲ ရိုက်တာသတင်းဌာနကလည်း သူ့ကို မဆက်သွယ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သူ့အပေါ် စွပ်စွဲချက်တွေဟာ မမှန်ကန်ဘဲ "လိမ်ညာမှု" တွေဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂၃ရက်မှာ မက်ဂန်က ဒီသတင်းဟာ အလွန်စိတ်ဆင်းရဲစရာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ချားလ်စ်ဘုရင်ရဲ့ သားငယ်နဲ့ လက်ထပ်ပြီးတဲ့နောက် သူ့ဖခင်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေပါတဲ့ စာတစောင်ကို ဗြိတိန်ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။
မက်ဂန်ဟာ သူ့ရဲ့ ၂၀၁၈ မင်္ဂလာပွဲမတိုင်ခင်ကတည်းက သူ့ရဲ့ဖခင်နဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး မင်္ဂလာပွဲကိုလည်း အဖေက မတက်ခဲ့ပါဘူး။
မက်ဂန်က သူ့ကလေးတွေဖြစ်တဲ့ အသက် ၇ နှစ်အရွယ် အာချေးနဲ့ အသက် ၅ နှစ် အရွယ် လီလီဘတ်တို့ကို ကာကွယ်ဖို့ အဆက်အသွယ်မရအောင်လည်း တားဆီးခဲ့တယ်လို့ ပြောပါတယ်။
သူတို့ရဲ့ချဉ်းကပ်မှုကို အကဲဖြတ်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်ရေးအဖွဲ့ကို လွှဲပြောင်းပေးဖို့ လိုအပ်မလား ဆိုတာကို စဉ်းစားနေတယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။











