
ဗြိတိန်မင်းသားဟယ်ရီရဲ့ ယောက်က္ခမ သောမတ်စ်မက်ကယ်ကို ကလေးသူငယ် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို လက်ဝယ်ထားရှိမှုအတွက် ဖယ်ဒရယ်ဆိုင်ရာ ပြစ်မှုစွပ်စွဲချက်နဲ့ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ကာလီဖိုးနီးယား အလယ်ပိုင်းဒေသ ဖယ်ဒရယ်ရှေ့နေများရုံးရဲ့ ထုတ်ပြန်ချက်အရ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လန်းရှိ သက်ကြီးရပ်ကွက်မှာ နေထိုင်သူ အသက် ၈၂ နှစ်အရွယ် သောမတ်စ်မက်ကယ်ကို “ကလေးသူငယ် ညစ်ညမ်းရုပ်ပုံ လက်ဝယ်ထားရှိမှု” စွပ်စွဲချက်နဲ့ တရားစွဲဆိုထားခြင်းဖြစ်ပြီး သောကြာနေ့မှာ တမ်ပါမြို့ရှိ တရားရုံးမှာ ရုံးထုတ်ခံရမှာဖြစ်ပါတယ်။ သူ့မှာ ခုခံချေပပေးမဲ့ ရှေ့နေ ပါမပါ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူတွေရဲ့ တိုင်ကြားချက်တွေကြောင့် နိုင်ငံအများအပြားမှာ ရှာဖွေစုံစမ်းခဲ့ကြပါတယ်။
အောက်တိုဘာ ၃၁ ရက်က မက္ကဆီကိုနိုင်ငံ၊ တီဝါနာမြို့မှာ သောမတ်စ်မက်ကယ်နဲ့ ဆက်စပ်မှုရှိပြီး ၂ နှစ်နီးပါး စွန့်ပစ်ထားတဲ့ သိုလှောင်ရုံ စတိုခန်းတခုကို ဘာဟာ ကာလီဖိုးနီးယားပြည်နယ် အစိုးရရှေ့နေတွေက ဝင်ရောက်ရှာဖွေခဲ့ရာမှာ မဂ္ဂဇင်းစာအုပ်တွေ၊ ဗီဒီယိုတွေနဲ့ ကွန်ပျူတာပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့လို့ စုံစမ်းစစ်ဆေးနေပါတယ်။
ဒါ့အပြင် သောမတ်စ်မက်ကယ်အရင်က သွားရောက်နေထိုင်ခဲ့ဖူးတဲ့ ဖိလစ်ပိုင်နိုင်ငံ အာဏာပိုင်တွေကလည်း ပြီးခဲ့တဲ့လကစပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ဗြိတိန်ရဲတပ်ဖွဲ့ကလည်း အဲဒီစွပ်စွဲချက်တွေကို ပြည်ပတရားဥပဒေစိုးမိုးရေး အေဂျင်စီတွေဆီ လွှဲပြောင်းပေးထားပါတယ်။
သတင်းတွေနဲ့ပတ်သက်လို့ သောမတ်စ်မက်ကယ်က သူ့အပေါ် စွပ်စွဲထားချက်တွေဟာ လုံးဝမမှန်ကန်ကြောင်းနဲ့ "ရွံ့စရာကောင်းတဲ့ အလိမ်အညာတွေ"သာဖြစ်ကြောင်း Daily Mail သတင်းစာကို ငြင်းဆိုထားပါတယ်။
တဖက်မှာလည်း ဗြိတိန်မင်းသားဟယ်ရီရဲ့ ဇနီး မီဂန်မက်ကယ်က အဲဒီစွပ်စွဲချက်တွေကြောင့် သူ့အနေနဲ့ "အလွန်အမင်း စိတ်ထိခိုက် ဝမ်းနည်းရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters











