DVB Logo
Home
မြန်မာသတင်း
ထိုင်းဘုရင့်သမီးရုပ်ပုံအား သရုပ်ပျက်ပုံ ဖန်တီးဖြန့်ဝေခဲ့သည့် မြန်မာလုပ်သား ၁ ဦး အလုပ်ထုတ်ခံရ 
DVB
·
October 27, 2026
Photo: Thai Culture to the World
Photo: Thai Culture to the World
Donate to DVB

လတ်တလော လူမှုကွန်ရက်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စုံကို ထိုင်းရုပ်ရှင်ထဲ ထည့်သွင်း ဖော်ပြတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ကြားက မြန်မာရွှေ့ပြောင်းလုပ်သား တယောက်က ထိုင်းဘုရင့်သမီးတော်ပုံကို သရုပ်ပျက်ပုံ ဖန်တီးပြီး ဖြန့်ဝေခဲ့တာကြောင့် သူ အလုပ် လုပ်နေတဲ့ ကုမ္ပဏီက သူ့ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

TY Store  တပတ်ရစ် အဝတ်အထည် ရောင်းဝယ်ရေးကုမ္ပဏီက အောက်တိုဘာ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ စာထဲမှာ လူမှုကွန်ရက်မှာ ပြောဆိုနေကြတဲ့ TY Store ကုမ္ပဏီက မြန်မာနိုင်ငံသား ဝန်ထမ်းတယောက်ရဲ့  မှားယွင်းတဲ့ လုပ်ရပ်ပေါ်မှာ  ကျွန်ုပ်တို့  အနေနဲ့ လျစ်လျူရှုခြင်းမရှိဘဲ ပြန်လည်စစ်ဆေးခဲ့တယ်။ ဝန်ထမ်းဟာ အမှန်တကယ်ပဲ ကျူးလွန်ခဲ့တာ တွေ့ရှိတယ်။ အဲဒီကိစ္စဟာ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းနဲ့ ဝန်ထမ်းကျင့်ဝတ်တွေကို ဆန့်ကျင်နေတာကြောင့် ကုမ္ပဏီအနေနဲ့  အဆိုပါ ညီညီလွင် ဆိုသူ ဝန်ထမ်းကို လုပ်ငန်းကနေ ချက်ချင်း ထုတ်ပယ်လိုက်ပြီ ဖြစ်တယ်၊ ဒီကိစ္စ ဖြစ်သွားတဲ့အပေါ်  ကုမ္ပဏီအနေနဲ့ အထူးပင် စိတ်မကောင်းဖြစ်ရပြီး အနူးအညွတ်တောင်းပန်ကြောင်း ရေးသားဖော်ပြထားပါတယ်။ 

ဒီမတိုင်ခင်က Scarlet Heart Thailand ဆိုတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲထဲမှာ  မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဝတ်စုံတွေကို ထည့်သွင်းရိုက်ကူးထားတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန် ကန့်ကွက်မှု၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရုပ်သံရိုက်ကူးတဲ့ GMMTV  ကုမ္ပဏီကတော့ အဲဒီဝတ်စုံတွေဟာ မြန်မာအပါအဝင် ဒေသတွင်းယဉ်ကျေးမှုတွေဆီကနေ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးထားခြင်းသာဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်နေ့က  ထုတ်ပြန်ဖြေရှင်းခဲ့တယ်။

ဒါပေမဲ့ လူမှုကွန်ရက်မှာတော့ ပြောဆိုငြင်းခုံလို့ မပြီးသေးဘဲ ကာတွန်းတွေ၊ ရုပ်ပုံတွေ၊ ရုပ်သံတွေနဲ့ သရော်လာကြတယ်။ အဲဒီထဲမှာ ရိုးရာယဉ်ကျေးမှုဝတ်စုံ ကိုယ်စီဝတ်ထားတဲ့ နိုင်ငံတကာ အမျိုးသမီးပုံပါ ရုပ်ပုံတခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာတယ်၊ မြန်မာ အပါအဝင် တခြားနိုင်ငံက အမျိုးသမီးပုံတွေမှာ လှပနေပြီး ထိုင်းအမျိုးသမီးပုံမှာတော့ ဘုရင့်သမီးတော်ရဲ့ မျက်နှာပေါက်နဲ့ သရုပ်ပျက်ဝတ်စုံ ဝတ်ဆင်ထားတယ်၊ ခေါင်းစဉ်ကို ဘယ်ရိုးရာက ကြည့်လို့ကောင်းလဲလို့ မြန်မာလို ရေးသားထားပါတယ်။ အဆိုပါ ပုံကြောင့် ထိုင်းလူမျိုးတွေကြား မခံမရပ်နိုင်ဖြစ်ပြီး ပို့စ်တင်သူ ဘယ်သူလဲဆိုတာ လိုက်လံစုံစမ်းကြတယ်၊ သူ ဝတ်ထားတဲ့ အင်္ကျီမှာ TY Store လိုဂိုအမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားတာကြောင့် သူဟာ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်နေတာကို ဖော်ထုတ်ခဲ့ကြတယ်။

ဒါကြောင့် ကုမ္ပဏီက လိုအပ်သလို စုံစမ်းစစ်ဆေးပြီး သူ့ကို အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ထိုင်းလူမှုကွန်ရက်မှာတော့ မကျေနပ်သေးဘဲ ပုဒ်မ ၁၁၂ (တော်ဝင်အနွယ်စော်ကားမှု)နဲ့ ပါ အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

Source: THAI PRESS / Thai Culture to the World

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013