
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တဲ့ ပြည်တွင်းနည်းပညာသုံး ထုတ်လုပ်ထားတဲ့ အသံထက်မြန်တဲ့ဒုံးကျည် ပထမဆုံး စမ်းသပ်ပစ်ခတ်မှု ဓာတ်ပုံတွေကို အောက်တိုဘာ ၉ ရက်မှာ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဒီဒုံးကျည်ဟာ နိုင်ငံအတွက် "မဟာဗျူဟာမြောက် လက်နက်" တခုဖြစ်ကြောင်း၊ ခန့်မှန်းရခက်တဲ့ ပျံသန်းမှုလမ်းကြောင်းနဲ့ လျှင်မြန်လှတဲ့ အရှိန်အဟုန်ကြောင့် ပစ်မှတ်ကို အံ့အားသင့်စရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သမ္မတရုံးက ပြောပါတယ်။
ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ အမြင့်ကို ပျံတက်သွားတာ၊ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းအတိုင်း ပျံသန်းပြီး ပစ်မှတ်ကို ထိမှန်သွားတာတွေကို တွေ့ရပါတယ်။
ဒါ့အပြင် ပစ်မှတ်ကို မထိမှန်ခင် စက္ကန့်ပိုင်းအလိုမှာ ဒုံးကျည် ပုံရိပ်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ကွင်းနိုင်မဲ့ လက်နက်တွေ အပြိုင်အဆိုင် ထုတ်လုပ်နေချိန်မှာ တောင်ကိုရီးယား သမ္မတတယောက် အနေနဲ့ အခုလို ဒုံးကျည်စမ်းသပ်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြသတာဟာ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။
သမ္မတ အီဂျယ်မြောင်က "ဒီနေ့မှာတော့ မိမိတို့ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည် ပထမဆုံး စမ်းသပ်ပစ်ခတ်မှု အောင်မြင်ခဲ့ပါတယ်။ အင်မတန်မှ ဂုဏ်ယူမိပါတယ်" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒါဟာ "ကိုယ်ပိုင်စွမ်းအားကို အားကိုးတဲ့ ကာကွယ်ရေးစနစ်" ရဲ့ တိုးတက်မှုတခုဖြစ်ကြောင်း သမ္မတက ပြောခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ "အသံထက်မြန်တဲ့ ဒုံးပျံတွန်းအားစနစ်၊ AI နဲ့ စွမ်းအားမြင့် လေဆာနည်းပညာ အပါအဝင် အဆင့်မြင့် ကာကွယ်ရေး နည်းပညာတွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံသွားမယ်" လို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူတို့ရဲ့ တာလတ်ပစ် အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တောင်ကိုရီးယားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှုဟာ ထွက်ပေါ်လာတာဖြစ်ပြီး ဒီလက်နက်ဟာ ပျံသန်းနေရင်း လမ်းကြောင်းပြောင်းလဲနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သည်တွေ ဒဏ်ရာရခဲ့ပြီးနောက် ပဋိပက္ခ ပိုမိုကြီးထွားမသွားအောင် ထိန်းသိမ်းရင်း ပြုံယမ်းကို သတိပေးဖို့ ရည်ရွယ်ပြီး ဒီစမ်းသပ်မှုကို တောင်ကိုရီးသမ္မတက လူသိရှင်ကြား ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters











