
မကြာသေးခင်ရက်ပိုင်းကပဲ ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တဲ့ နီပေါနဲ့ တိဘက် နယ်စပ်အနီးမှာ မြေပြိုမှုကြောင့် ရေကန်တခု ပေါ်ပေါက်လာပြီး ကမ်းပါးတွေကို ကျိုးပေါက်သွားစေနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
ဆိုလိုတာကတော့ အဲဒီရေကန်ပေါက်ကျပြီး အောက်ဘက်ကို စီးဆင်းလာတဲ့အခါ ဒုတိယအကြိမ် ရေကြီးနိုင်တဲ့အန္တရာယ် “အလွန်မြင့်မားနေကြောင်း” အသိပေးထားတာပါ။
ပထမအကြိမ် ကြောက်မက်ဖွယ်ရာ ရေလွှမ်းမိုးမှုနဲ့ ဩဂုတ် ၂၆ ရက်မှာ ကြုံတွေခဲ့ရတာဖြစ်ပြီး ဒါဟာ တောင်ပေါ်က ရေခဲထုကြီး မြစ်ထဲကို ပြိုကျခဲ့တာကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ အနေနဲ့ သုံးသပ်ထားပါတယ်။
တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနရဲ့ ဖော်ပြချက်အရ ဩဂုတ် ၂၈ ရက် မနက်ပိုင်းအထိ အသစ်ဖြစ်ပေါ်လာတဲ့ ရေကန်ထဲမှာ ရေကုဗမီတာ ၂ ဒသမ ၅ သန်းလောက် စုပုံနေပြီလို့ ခန့်မှန်းထားပါတယ်။
လာမဲ့သီတင်းပတ်ကုန်ပိုင်းမှာ “Barrier Lake” လို့ခေါ်တဲ့ ဒီရေကန်ထဲ ရေကုဗမီတာ ၃ သန်းအထိ ထပ်ပြီး စီးဝင်လာနိုင်တာကြောင့် ကန်ပေါက်ကျနိုင်တဲ့အန္တရာယ် များနေတယ်လို့ ဆိုပါတယ်။
“Barrier Lake” ဆိုတာဟာ မြေပြိုကျမှုကနေ ထွက်ပေါ်လာတဲ့ မြေသား၊ ကျောက်တုံးနဲ့ အပျက်အစီးတွေက မြစ်ရေစီးကို ပိတ်ဆို့သွားတဲ့အခါ ရေတွေစုပုံပြီး ဖြစ်ပေါ်လာတဲ့ ရေကန်မျိုးပဲ ဖြစ်ပါတယ်။
အဲဒီဒေသတဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသလို ချောချန်-ခိုလာ နဲ့ ပူရီပို-ဆန်ပို ဆိုတဲ့ မြစ်နှစ်စင်းဆုံရာမှာ ပေါ်ပေါက်လာတဲ့ ရေကန်ဟာ ရေလျှံထွက်တာမျိုး စတင်နေပြီ ဖြစ်ပါတယ်။
ဒီအန္တရာယ်တွေကြောင့်ပဲ နီပေါ-တိဘက် နယ်စပ်အနီးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းခဲ့ရပြီး ပြန်လည်စတင်နေပြီ ဖြစ်တယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။
သီးခြားစီအဖြစ် ဘိုတီ-ကိုရှီ နဲ့ ထရီရှူလီ ဆိုတဲ့ မြစ်နှစ်စင်း တလျှောက်မှာလည်း ရေစီးကြောင်းတွေ ပိတ်ဆို့နေတဲ့အလျောက် ပေါက်ထွက်ကာ ရေကြီးရေလျှံမှု ဖြစ်နိုင်တယ်ဆိုပြီး တပ်လှန့် ထားပါတယ်။
ဒါကြောင့် နီပေါအာဏာပိုင်တွေက ဒေသခံတွေအနေနဲ့ မြစ်အနီးအနားကို မသွားဘဲ ဝေးရာမှာ နေကြဖို့ တိုက်တွန်းထားပါတယ်။
အခုလိုမျိုး ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီးနောက် နီပေါဘက်ခြမ်းမှာ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ထောင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အလားတူ တိဘက် ဘက်ခြမ်းမှာလည်း ပျောက်ဆုံးနေသူ အယောက် ၅၅၀ နဲ့အထက်ရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသား ထက်ဝက်နီးပါးလောက် ပါဝင်နေတာကို တွေ့ရပါတယ်။
Source:Reuters











