
မြန်မာရုပ်ရှင်ဇာတ်ကား ‘သစ်သီးခူး (Fruit Gathering)’ ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော် (BKKIFF) မှာ ပြိုင်ပွဲဝင်ရုပ်ရှင်အဖြစ် စက်တင်ဘာ ၂၄ ရက်နဲ့ ၂၆ ရက်မှာ ပြသသွားမယ်လို့ သိရပါတယ်။
ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၃ ရက်ကနေ ၂၇ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ‘သစ်သီးခူး’ ရုပ်ရှင်ဒါရိုက်တာ အောင်ဖြိုးနဲ့အတူ သရုပ်ဆောင်တွေဖြစ်တဲ့ နန္ဒာမြတ်အောင်၊ နန္ဒာမြင့်လွင်နဲ့ သီတာစိုးခန့်တို့လည်း တက်ရောက်ကြမှာပါ။
စက်တင်ဘာ ၂၆ ရက် ပြသပြီးနောက် ဒါရိုက်တာနဲ့အတူ သရုပ်ဆောင်တွေက အမေးအဖြေ ဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
‘သစ်သီးခူး’ ရုပ်ရှင်ဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လက ချက်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ Karlovy Vary International Film Festival မှာ ပြိုင်ပွဲဝင်ရုပ်ရှင်အဖြစ်ပြသခဲ့ပြီး အမြင့်ဆုံးဆုဖြစ်တဲ့ Crystal Globe ဆုကို ရရှိထားပါတယ်။
ဒါ့အပြင် ကနေဒါ၊ အင်္ဂလန်၊ ဩစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကျင်းပမဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆက်လက် ပြသသွားမှာပါ။
ဒါရိုက်တာ အောင်ဖြိုးဟာ Asia Pacific Screen Awards ရဲ့ ဒါရိုက်တာဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ယောက်ထဲမှာ ပါဝင်နေပြီး ဆုရရှိသူကို အောက်တိုဘာ ၃၀ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။
‘သစ်သီးခူး’ ရုပ်ရှင်ဟာ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ရင်း ရင်းနှီးလာကြတဲ့ အမျိုးသမီးငယ်နှစ်ယောက်ရဲ့ လက်တွေ့ဘဝ၊ အိပ်မက်နဲ့မျှော်လင့်ချက်တွေကြားက ဆက်ဆံရေး အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ၂၀၂၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ရုံတင်ပြသနိုင်ဖို့ ဖြန့်ချိသူတွေနဲ့ ဆွေးနွေးနေသလို မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဇွဲသစ်











