
ဇွန် ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပက ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင် ရက်အနည်းငယ် အလို ကတည်းက နည်းမျိုးစုံနဲ့ ကမ္ဘာတဝန်းမှာ စပြီး ကျင်းပနေကြပါပြီ။
ဒါပေမဲ့ မွေးနေ့ရှင် ဘယ်မှာလဲဆိုတဲ့ မေးခွန်းကတော့ စစ်အုပ်စုကလွဲရင် ဘယ်သူမှ အတိအကျမသိတဲ့ အခြေအနေမှာ ဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် ဘက်တော်သားတွေက လွဲရင်ဘယ်သူမှ တွေ့ခွင့်မရတော့တာ ၄ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။
စတင်ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရတုန်းက ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်ရခဲ့ပေမဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစပြီး ရှေ့နေတွေပါ တွေ့ခွင့်မရတော့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ချုပ်နှောင်လိုက်တယ်လို့ စစ်အာဏာရှင်က ဧပြီ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပဲ သိရပြီး အကျဉ်းသားရပိုင်ခွင့်ဖြစ်တဲ့ သူ့ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ အဆက်အသွယ် လုပ်ခွင့်မပေးသလို ရှေ့နေအဖွဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေလည်း သူဘယ်မှာရှိနေမှန်း မသိရပါဘူး။
သားဖြစ်သူ ကင်မ်၊ ရှေ့နေအဖွဲ့၊ NLD ပါတီဝင်တွေနဲ့ သူ့ကိုချစ်တဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတပုံကိုပဲ တွေ့ခွင့်ရခဲ့ပြီး အဲဒီဓာတ်ပုံကလည်း ဘယ်အချိန်၊ ဘယ်နေရာမှာ ရိုက်ထားတဲ့ ဓာတ်ပုံဆိုတာ အတည်မပြုနိုင်တာကြောင့် စစ်အာဏာရှင်တွေရဲ့ ထုတ်ပြန်ချက်ကို ယုံကြည်ဖို့ ခဲယဉ်းနေကြတာပါ။
NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင်တယောက် ဖြစ်သလို ဗဟိုအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါက်တာမေဝင်းမြင့်ကလည်း စစ်အုပ်စု ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံအပေါ် ယုံကြည်မှုမရှိသလို ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ရှိထင်ရှား ရှိသေးရဲ့လားဆိုပြီး စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
“သူတို့ ထုတ်ပြန်တာလောက်ပဲ အန်တီတို့ သိတယ်ပေါ့နော်။ သူ တနေရာကနေပြီးတော့ တနေရာ ရွှေ့လိုက်တယ်၊ ကြားတာတော့ ဘယ်ဝန်ကြီးအိမ်မှာ ထားတယ်။ ဒါပေမဲ့ အန်တီတို့ကတော့လေ အခုအချိန်ထိကိုလေ တကယ့်ကို ယုံကြည်လို့မရဘူး။ သူတို့ပြောနေတဲ့ဟာတွေကလေ။ နောက် ဒေါ်စုက ထောင်ထဲကနေပြီးတော့မှ ဒီဘက်ကို တခါ နောက်ထပ် ဘယ်လိုပြောမလဲ ထောင်အသေးစားလေးလို့ ခေါ်မှာပေါ့၊ အဲ့ထဲမှာ ထည့်ထားတာ။ ဘယ်သူမှလည်း မတွေ့ရဘူး။ အခုချိန်ထိလည်း ရှေ့နေနဲ့ မတွေ့ရသေးဘူး။ ကင်မ်ကိုယ်တိုင် သူ့သားကိုယ်တိုင် တောင်းဆိုနေတာတောင်မှ အခုချိန်ထိ တွေ့ခွင့်မပေးဘူးပေါ့။ အဲ့တော့ အန်တီလည်း စိတ်ပူပါတယ်။ ဒေါ်စု သက်ရှိထင်ရှားမှ ရှိသေးရဲ့လား။”
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ဧပြီလ တတိယပတ်မှာ စတင်ခဲ့ကြပါတယ်။
ဒါဟာ သားဖြစ်သူက မိခင်ကို သက်ရှိထင်ရှား ရှိမှ ရှိပါဦးမလား ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ ကမ်ပိန်းလှုပ်ရှားမှုတခုပဲ ဖြစ်ပါတယ်။
ကင်မ်အဲရစ်က “ကျနော် သိချင်တာက မေမေ ကျန်းမာစွာ ရှိနေတယ် ဆိုတာလေးပါပဲ။ မေမေ့ အသံကို ကြားချင်ပါတယ်။ မေမေ့ မျက်နှာကို မြင်ချင်ပါတယ်။ မေမေ့ ဘဝရဲ့ လက်ကျန်နှစ်တွေမှာ မေမေနဲ့အတူ အချိန်ဖြုန်းခွင့်ရချင်ပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ အခြေခံ လူသားဆန်မှုကိစ္စပါ။ ကမ္ဘာပေါ်က ဘယ်မိသားစုမှ ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ ဘယ်မှာရှိနေတယ်၊ ဒါမှမဟုတ် သက်ရှိထင်ရှား ရှိနေသေးသလား ဆိုတာကို သိပိုင်ခွင့် မငြင်းပယ်ခံရသင့်ပါဘူး။ စစ်ကောင်စီကို အလွန်ရိုးရှင်းပေမဲ့ လုံးဝ အလျှော့ပေး အပေးအယူလုပ်လို့မရတဲ့ အရာတခုကို လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။ ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့၊ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေကို ပြသပါ။ ဓာတ်ပုံဟောင်းတပုံ မဟုတ်ပါဘူး၊ ဝေဝါးတဲ့ ကြေညာချက်မျိုး မဟုတ်ပါဘူး။ အခုချက်ချင်း ပြသပါ။ ICRC နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ချက်ချင်း ဝင်ရောက်တွေ့ဆုံခွင့် ပေးပါ။ ကျနော့်မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာဆိုတာ သတင်းအတိအကျ ထုတ်ပြန်တာမျိုး မရှိပေမဲ့ သူတို့နဲ့ နီးစပ်တဲ့သူတွေဆီကနေ သတင်းလွှင့်တာတွေတော့ ဆက်တိုက်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တလုံးမှာ ပြောင်းရွှေ့ ချုပ်နှောင်ထားတယ်လို့ စစ်တပ်က မထုတ်ပြန်ခင် ရက်ပိုင်းမှာပဲ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ စစ်တပ်ထဲက အိမ်တလုံးမှာ ထားတယ်လို့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတခုကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကိစ္စကို ဘာသက်သေမှ မပြနိုင်ဘူးလို့ ပြည်တွင်းနိုင်ငံရေးအင်အားစုမှာ ပါဝင်သူတယောက်က DVB ကို ပြောခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီ နေပြည်တော် ဥက္ကဋ္ဌ ဘူးလက်လှဆွေကတော့ သဘာ၀တရားရိပ်သာဆရာတော် ဦးဥတ္တမသာရနဲ့ တွေ့ဆုံချိန်မှာ အရင်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၆) တပ်ဝင်းအတွင်း ထားရှိခဲ့ပေမဲ့ အခု ပိုကောင်းမွန်တဲ့ နေအိမ်တလုံးကို ပြောင်းရွှေ့ထားတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
“တပည့်တော် သိသလောက်တော့ သူက ပထမကတော့ စကခ ၆ တပ်ဝင်းထဲမှာ အိမ်တလုံးနဲ့ ထားတယ်လို့ သိရပါတယ်။ အခုတော့ အဲ့ထက်ပိုကောင်းတဲ့ အိမ်တလုံးကို ပြောင်းရွှေ့တယ်လို့ ကြားရပါတယ်။ အဲ့အိမ်ထဲမှာ သူက ဆက်တီနဲ့ ဘာနဲ့ ကောင်းကောင်းမွန်မွန် အဲကွန်းနဲ့ ဘာနဲ့ နေရပါတယ်ဘုရာ့။ နေပြည်တော် အကျဉ်းထောင်ထဲမှာတော့ သူမရှိပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်၊ အေးအေးဆေးဆေးပါပဲ၊ အသက် ၈၀ ကျော်ပြီဆိုတော့ သွားတွေဘာတွေတော့ နည်းနည်းနာမှာပေါ့။”
ဘူးလက်လှဆွေရဲ့ ပြောဆိုချက်ကိုလည်း ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ သက်ရှိထင်ရှား ရှိ၊ မရှိ ဆိုတဲ့အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights ရဲ့ ဝါရင့် ဒါရိုက်တာ ဘင်နဒစ် ရော်ဂျာစ် ကလည်း DVB ကို ပြောပါတယ်။
“အခုလောလောဆယ် အထူးစိုးရိမ်စရာ အကောင်းဆုံးက သူ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာနဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို မသိရတာဘဲ ဖြစ်ပါတယ်။ သူ့ကို ထောင်ထဲမှာ ၅ နှစ်ကျော်ကြာ ထားရှိပြီးနောက် ပြောင်းရွှေ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့တလခန့်က သူ့ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားတယ်လို့ နားလည်ထားပေမဲ့လည်း ဘယ်နေရာမှာ ထားတာပါလဲ၊ ဘယ်လိုအခြေအနေလဲ ဆိုတာနဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ ဆိုတာတွေကိုတော့ မသိရှိရပါဘူး။ မြန်မာစစ်အစိုးရကို ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်နေရာနဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကို ထုတ်ဖော်ပြောကြားဖို့ ဖိအားပေးရပါမယ်။ သူဟာ အသက် ၈၁ နှစ် ရှိနေပါပြီ။ အကောင်းဆုံး အခြေအနေမှာတောင် အသက် ၈၁ နှစ်အရွယ် လူတယောက်ဟာ ကျန်းမာရေးစိန်ခေါ်မှုတချို့နဲ့ ရင်ဆိုင်ရနိုင်ပြီး ပြီးခဲ့တဲ့ ၅ နှစ် ထောင်ထဲမှာ နေခဲ့ရခြင်းက သူ့ရဲ့ ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းအချက်အလက် အနည်းငယ်အရ သူ့ရဲ့ ကျန်းမာရေး ဆိုးရွားလာတယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ စစ်အစိုးရက ဒီသတင်းအချက်အလက်တွေကို ဖုံးကွယ်ထားပြီး အသက်ရှင်လျက်ရှိကြောင်း အထောက်အထား မပြတာ၊ လွတ်လပ်တဲ့ ဆေးဝါးကုသခွင့် မပေးတာတွေဟာ ပိုပြီးတော့ စိုးရိမ်စရာ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို အမှန်တကယ် တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ စစ်တပ်ဗဟိုပြုတဲ့ အာဏာကို ခိုင်မာအောင် လုပ်ဆောင်နေတာဖြစ်ပြီး ဦးသိန်းစိန် လက်ထက်ကလို NLD အခြေပြုတဲ့ နိုင်ငံရေးကျယ်ပြန့်သွားတဲ့ ပုံစံမျိုး ထပ်မဖြစ်အောင် ပုံစံမျိုးစုံနဲ့ ကြိုးစားလုပ်ဆောင်နေတယ်လို့ သုံးသပ်ထားကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။
မြန်မာဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (နယ်သာလန်) က ဦးဌေးတင့်ကတော့ ဇွန် ၁၉ ရက် ကျရောက်တဲ့ မွေးနေ့ရှင်အတွက် ကျန်းမာစွာ ပြန်လည်မြင်တွေ့လိုပြီး နိုင်ငံနဲ့ လူမျိုး၊ ဘာသာ အားလုံးအတွက် လူမှန်နေရာမှန်နဲ့ ပြန်ပြီး အလုပ်လုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းစကား ဆိုပါတယ်။
“အသက် ၈၁ နှစ်ပြည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေရဲ့ ဦးဆောင်သူဖြစ်ပြီး အရေးအကြီးဆုံး သင်္ကေတ တခုအနေနဲ့ ဖြစ်နေဆဲမို့ စစ်အုပ်စုက အကြောက်မလွန်ဖို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာစွာ ပြန်လည်မြင်တွေ့လိုပြီး နိုင်ငံနဲ့ လူမျိုး၊ ဘာသာ အားလုံးအတွက် လူမှန်နေရာမှန်နဲ့ ပြန်ပြီး အလုပ်လုပ်နိုင်ကြဖို့ ဒီမွေးနေ့မှာ ဆုတောင်းပါတယ်။”
သူ့အနေနဲ့ တကျော့ပြန် အချုပ်အနှောင်ခံဘဝနဲ့ မွေးနေ့ကို ဖြတ်သန်းနေရတာ အခုဆို ၆ နှစ်ရှိပါပြီ။ သူဘယ်မှာလဲဆိုတာ စစ်တပ်ကလွဲပြီး ဘယ်သူမှ သေသေချာချာ မသိပေမဲ့ သူ့ မွေးနေ့ကိုတော့ စစ်တပ်က ခြိမ်းခြောက်ဖိနှိပ်မှုတွေကြားကနေပဲ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆင်နွှဲနေကြဆဲ ဖြစ်ပါတယ်။
မြတ်သဇင်










