
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဗိုလ်မှူးကြီးတယောက်ကို ဖမ်းမိခဲ့ပြီး လက်နက်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဗိုလ်မှူးကြီးဇော်မျိုးတင့် ကိုယ်ပိုင်အမှတ် (ကြည်း-၂၉၄၅၈) ကို စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးမိခဲ့တဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို လွှဲပြောင်းပေးဖို့ ပြုလုပ်စဉ် အောက်တိုဘာ ၁၉ ရက်မှာ စစ်အာဏာရှင်တပ်ဘက်က ကျေးရွာတချို့ကို ခြေလျင်စစ်ကြောင်းထိုးတာနဲ့ ဝေဟင်ပစ်ကူတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဗိုလ်မှူးကြီးဇော်မျိုးတင့်က တော်လှန်ရေးရဲဘော် ကိုင်ဆောင်ထားတဲ့ လက်နက်ကို လုယူပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို တပ်တွင်းဖရဲသီးတွေနဲ့ အသွင်ပြောင်း အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေရဲ့ တိကျတဲ့ သတင်းပေးမှုအရ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။











