
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိးရ (NUG) ထိန်းချုပ်ရာ ရွှေပြည်အေးမြို့ကို စစ်အာဏာရှင်တပ်နဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ ကြောင့် တော်လှန်ရေးတပ်တွေနဲ့ အနီးကပ် တပ်ဆိုင်ထားပြီး တပတ်ကျော်ကြာ စစ်ရေးတင်းမာနေ ပါတယ်။
ရွှေပြည်အေးမြို့ကို ပြန်ရဖို့ စစ်အာဏာရှင်တပ်နဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်တွေက ၂၀၂၆ ခုနှစ်၊ ဇွန်လဆန်းပိုင်းကစပြီး ထိုးစစ်ဆင်နေတာပါ။
ဇွန်လ ဒုတိယအပတ်မှာတော့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း တီလောင်ကျေးရွာနားက PDF တွေ ရဲ့ စခန်း၂ ခုကို စစ်အာဏာရှင်တပ်တွေက ဝင်ရောက်တိုက်ခိုက်တာကစလို့ စစ်ရေး တင်းမာ နေကြောင်း ဟုမ္မလင်းနယ်ခံ မြေပြင်ရဲဘော်တယောက်က ပြောပါတယ်။
ဟုမ္မလင်းနယ်ခံ ရဲဘော်တယောက်က "တီလောင်ဘက်ခြမ်းမှာ သူတို့လာထိုးတယ်။ ကျနော်တို့ ဒီဘက်က ပွိုင့်ကုန်း ၂ ကုန်းယူတယ်။ ကျနော်တို့က အခုပြန်ထိုးထားတယ်၊ သူတို့ဆီက ပွိုင့်ကုန်း ၂ ကုန်းပါထပ်ပြီးယူထားတယ်။ ကျနော်တို့က စစ်ကတော့ ဆိုင်ထားတယ်လေ၊ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၅၀ အကွာမှာပဲ၊ နှစ်ဖက်အနေအထားပါပဲ။ သူတို့လည်း ညနေရောက်ရင် အကြီးကျွေးလိုက်၊ ကောင်တာလာလိုက်ပေါ့။ ကျနော်တို့ကလည်း အဲလိုပဲ နောက်ကနေ အကြီးနဲ့ဆော်လိုက် ရှေ့ကနေ တွန်းလိုက်ပေါ့၊ အဲလိုသွားနေတာပါ။ စစ်ရေးကိစ္စက ကျနော် အားလုံးကြီးပြောလို့မရဘူး။ ကျနော် တို့က အဲဒီတောထဲမှာဖြစ်နေကြတာ၊ မြစ်ရဲ့ အနောက်ဘက်ကမ်းမှာပေါ့နော်"လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ဟုမ္မလင်း PDF ဘက်က ရဲဘော် ၂ ယောက် ကျဆုံးသလို စစ်တပ်ဘက်ကလည်း အကျအဆုံးများခဲ့ပြီး ဟုမ္မလင်းမြိုန့ယ်ထဲကို လေကြောင်းကနေ တပ်အင်အားနဲ့ ခဲယမ်းတွေ ဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်းဌာနတချို့ကလည်း ရေးပါတယ်။
ဒါကြောင့် ရွှေပြည်အေးနားမှာရှိတဲ့ ရွှေမှော်တချို့က ဒေသခံတွေ ထပ်မံစစ်ရှောင်ကြသလို အများစု ကတော့ အရင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးကတည်းက ၂ နှစ်ကျော်ကြာ ရေရှည် တိမ်းရှောင် နေကြတုန်းလို့ ရွှေပြည်အေးဒေသခံ တယောက်ကပြောပါတယ်။
ရွှေပြည်အေးစစ်ရှောင် ရပ်မိရပ်ဖတယောက်က " ထိုးစစ်ကတော့ဆင်နေပြီလို့ ကြားမိတာပဲလေ၊ မြို့ထဲမှာကတော့ မဟုတ်သေးဘူး၊ မြို့နဲ့ဆိုရင် ၃ မိုင် ၄ မိုင် လောက်မှာပေါ့။ တိမ်းရှောင်ပြီးမှ နေကြရ တာက ရွှေပြည်အေးမြို့ရယ်၊ လောင်းမင်းရွာရယ်၊ ဇီးပင်သာရယ် မယ်စလီရွာ မြင်သာရွာ အဲဒီက ရွာကြီးတွေ ၈ ရွာ ၉ ရွာလောက်ရှိတယ်။ အရင်တည်းကရှောင်နေကြတာ။ မြေငှားရွာဘက်မှာ ရှောင်ကြတယ်၊ များသောအားဖြင့်ကတော့ ဟုမ္မလင်းမှာပဲ တိမ်းရှောင်ပြီးတော့နေကြတာပေါ့”လို့ ပြောပါတယ်။
စစ်တပ်နဲ့ SNA တို့ရဲ့ တကျော့ပြန်ထိုးစစ်တွေကြောင့် စစ်ရေးတင်းမာလာမှုနဲ့အတူ ဟုမ္မလင်းမြို့နယ် အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၈ ရက်မှာ ရွှေပြည်အေး မြစ်ပြင်တလျှောက်နဲ့ သောင်သွပ်တိုက်နယ်ထဲ အသုံးပြုနေတဲ့ စတားလင့်ခ် အင်တာနက်တွေ အသုံးပြုမှုကို ကန့်သတ် လိုက်ပါတယ်။
ဒါအတူ ဇွန် ၁၀ ရက်ကစလို့ ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ အဝင်/အထွက် ဂိတ်တွေ၊ ကုန်းလမ်း/ရေလမ်း ဂိတ်တွေနဲ့ အခွန်ဂိတ်တွေ အားလုံးကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။
အိန္ဒိယ-မြန်နယ်စပ်၊ ဟုမ္မလင်းမြို့နယ်ထဲမှာတည်ရှိပြီး ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းက ရွှေပြည်အေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တပ်တွေက ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။
စိုးသူအောင်










