DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မိုးမိတ်မြို့  ၂ မိုင်ဝန်းကျင်ကို တပ်အင်အားတိုးချဲ့၊ စစ်ရေးဆက်လက်တင်းမာနေ
စိုးသူအောင်
·
August 19, 2026
Photo: စစ်ရေးသတင်းရင်းမြစ်
Photo: စစ်ရေးသတင်းရင်းမြစ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေဆက်ရှိနေသလို မြို့ပတ်ဝန်းကျင် ကျေးရွာတွေမှာလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စစ်ရေးအခြေအနေဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိသေးပါဘူး။

မြို့ပတ်လည် ၂ မိုင်ဝန်းကျင်မှာရှိကြတဲ့ ညောင်နီရွာဝန်းကျင်အပါအဝင်၊ အရှေ့ဘက်ဆို မန်အုံနဲ့ အနောက်ဘက်ဆို မိုးဟောက် စတဲ့ ကျေးရွာတွေဘက်ကို စစ်အာဏာရှင်တပ်က  အင်အားတိုးချဲ့ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဘက်က တပ်ပြန်ရုပ်တာမရှိသေးတဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ဘက်က  အတည်ပြုပါတယ်။

KIO/KIA သတင်းပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက “မိုးမိတ်ဘက်မှာကတော့ ၁၁ ရက်နေ့ ကနေဖြစ်တဲ့ တိုက်ပွဲတွေ၊  ဆက်တိုက်ဖြစ်တာ။ ဒါပေမဲ့ စစ်ကြောင်းတွေ ပြန်ရုပ်တာတော့ မရှိဘူးနော်၊ စောင့်ကြည့်နေတဲ့ အနေအထားပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင်ဘက်က ဩဂုတ် ၉ ရက်နဲ့ ၁၅ ရက်တွေမှာ တွင်းငယ်အခြေစိုက် တတက ၁၃ ကနေတဆင့် အင်အားဖြည့်တင်းခဲ့သလို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်လို့ ၁၆ ရက်ထိ နေ့တိုင်းလိုလို ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

အထူးသဖြင့် ညောင်နီနဲ့ ရွှေလီမြစ်ဆုံကျေးရွာဘက်ကို ဦးတည်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

မိုးမိတ်မြို့ခံ အမျိုးသားတယောက်က “လမ်းတချို့ကတော့ ပိတ်သွားပြီ၊ မငြိမ်သေးဘူးဗျ။ ၁၆ ရက်နေ့ကတောင် ဖြစ်သေးတာ။ စစ်တပ်ကုန်းကနေ လှမ်းပြီးပစ်တာ ညောင်နီဘက်ပဲဖြစ်မှာပါ။ အဲ့ဒီမှာ သောက်ရေသန့်ပို့တဲ့ အိုအေစစ်ကားလေး ထိသွားတယ်၊ ပို့တဲ့ကလေး ၂ ယောက် ထိခိုက် ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ မစိုးရိမ်ရဘူးလို့တော့ ကြားတယ်။ မြို့ထဲမှာတော့ တိုက်ပွဲ မဖြစ်သေးဘူး၊ ရွာဘက်မှာ ဖြစ်တာဆိုတော့ အဲဒီရွာတွေက လူတွေတော့ ရှောင်နေကြရပြီ တချို့တော့ မရှောင်ဘူးပေါ့။ ၁၆ ရက်နေ့က မနက် ၁၀ နာရီ ၄၀ လောက်မှာ ပေါက်ကွဲသံ ကြားရကတည်းက တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းချနေတာ။ အသံကတော့ နေ့တိုင်း ကြားနေရတာဗျ။ ဆက်တိုက်ကြီးတော့ မဟုတ်ဘူး၊ ကြိုးကြားကြိုးကြားပေါ့။ ၁၇ ရက်နေ့ ညပိုင်းက ဒရုန်းတွေ ဝဲတယ်၊ ဒီနေ့ ကတော့ ဘာသံမှမကြားရသေးဘူး"လို့ ပြောပါတယ်။

ဒီလို စစ်ရေးတင်းမာမှုတွေကြောင့် ဩဂုတ် ၁၅ ရက်ကစလို့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မန်တုံ–မိုးမိတ်နဲ့ မိုးမိတ်–မြစ်ဆုံ လမ်းပိုင်းတွေကို သွားလာခွင့် ယာယီပိတ်ပင်ကြောင်း KIA တပ်ရင်း ၃၄ ကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ မန္တလေး-မိုးမိတ် လမ်းပိုင်းမှာ သွားလာလို့ရသေးတဲ့အကြောင်း တခြား မိုးမိတ်မြို့ခံကလည်း ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် လမ်းပိုင်းတွေ ပိတ်သွားပြီး ကုန်ဈေးနှုန်းမြှင့်တက်လာမှာကို ဒေသခံတွေက ထိတ်လန့်နေကြပါတယ်။

မြို့ပေါ်မှာတော့ စာသင်ကျောင်းတွေလည်း လုံခြုံရေး အာမခံချက် မရှိတာကြောင့် မဖွင့်လှစ်နိုင်သေးဘဲ ဒေသခံတွေဟာ စစ်ဘေးကင်းလွတ်ရာကို အမြဲတမ်း နားစွင့်နေကြရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013