
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက စစ်မှုထမ်းဖို့ဆိုကာ အဓမ္မ ဖမ်းခေါ်သွားတာခံရတဲ့ ကျန်းမာရေးမကောင်းသူ အရပ်သားတယောက် စစ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာက အသက် ၃၀ ကျော်အရွယ် မောင်အောင်ဝေစိုး (ခ) မောင်နောက်စိ ဖြစ်ပြီး ဇွန် ၂၇ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ် မဆရ ၄ စစ်ဆေးရုံမှာ သေဆုံးသွားတာလို့ သိရပါတယ်။
ဇွန် ၂၁ ရက်က ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာက အသက် ၃၀ ကျော်အရွယ် မောင်အောင်ဝေစိုး (ခ) မောင်နောက်စိကို ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ကျော်ဦးနဲ့ ရဲတွေက စစ်မှုထမ်းဖို့ဆိုပြီး အတင်းအဓမ္မ လက်ထိတ်ခတ် ဖမ်းဆီးခေါ်သွားတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးက အောင်ဝေစိုးကို အဓမ္မ ဖမ်းခေါ်သွားတာ။ စစ်မှုထမ်းဖို့ခေါ်တယ် ဆိုတာနဲ့ ပုသိမ်စစ်ဆေးရုံမှာ ရောက်နေတယ်ဆိုတာ နောက်ကျမှ မိသားစုတွေက သိရတာ။ ကျန်းမာရေးမကောင်းသူ ဆိုတာ သိရက်နဲ့ အဓမ္မ ခေါ်သွားတာ။ အခုတော့ ဝဋ်ကျွတ်သွားပါပြီ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အောင်ဝေစိုးဟာ ကျန်းမာရေး မကောင်းတာကြောင့် ၃ ကြိမ်ထက်မနည်း ဆေးရုံတက် ဆေးကုသထားရသူဖြစ်ပြီး ရေကြည်မြို့နယ်ကတဆင့် ပုသိမ်ရွှေမြင်တင် စခတ ၆ စစ်မှုထမ်းလေ့ကျင့်ရေးကျောင်းကို လျှို့ဝှက် ပို့ဆောင်ခံရပြီးနောက်မှ မိသားစုက စစ်မှုထမ်းခေါ်ခံရတာကို သိရဖြစ်ပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သေဆုံးသူက ကျန်းမာရေးမကောင်းသူ ဆိုတာ အုပ်ချုပ်ရေးမှူး အပါအဝင် အားလုံး သိပါတယ်။ ချမ်းသားတဲ့ မိသားစုဝင်တယောက်အတွက် လူစားထိုးဖို့သက်သက် ဖမ်းခေါ်ထည့်ခဲ့တာ” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ မိဘတွေက ပုသိမ်စစ်ဆေးရုံမှာ ကျန်းမာရေး အသည်းအသန်ဖြစ်နေတဲ့ သားဖြစ်သူကို နေအိမ်ကို ပြန်လည်ခေါ်ယူဖို့ အုပ်ချုပ်ရေးမှူးဆီ အသနားခံခဲ့ပေမဲ့ ငွေကျပ်သိန်း ၂၀ ပေးမှ ခေါ်ခွင့်ရမယ်လို့ ဆိုတာကြောင့် သေဆုံးသူရဲ့ မိဘတွေက ဆင်းရဲနွမ်းပါးတာကြောင့် ငွေရှာနေချိန် သေဆုံးသွားတာလို့ သိရပါတယ်။
သေဆုံးသူ အောင်ဝေစိုးရဲ့ ရုပ်အလောင်းကို ရွာပြန်သယ်ယူဖို့ စစ်အာဏာရှင်တပ်နဲ့ အုပ်ချုပ်ရေးမှူးတို့က ပေါင်းကာ ငွေညှစ်ခဲ့ပြီး သေဆုံးသူကို ဇွန် ၂၉ ရက်က မိသားစုရှိတဲ့ ဇာတိမှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











