
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်သပြေရွာကို စစ်အာဏာရှင်တပ်က လေကြောင်းက သာမက ရေကြောင်းအပါအဝင် လက်နက်ကြီးကျည်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်သပြေရွာကို ဇွန် ၁၅ ရက်မနက် အစောပိုင်းက လေကြောင်းကနေ ဒရုန်း၊ ဂျက်တိုက် လေယာဉ်တွေအပြင် တောင်မော်ဦးရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဖြူဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“မနက်အစောပိုင်း ၈ နာရီ လောက်က ဒရုန်းနဲ့အရင်ပစ်တယ်။ ပြီးတော့ တောင်မော်ဦးရေတပ်နားက တိုက်ခိုက်ရေး Navy တွေက နေပစ်တယ်။ ၁၀ နာရီလောက်မှာ ထပ်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာချသွားတယ်။”
စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ ၃ မျိုးစလုံးနဲ့ အောင်သပြေရွာ တိုက်ခိုက်ခံရတာကြောင့် သာသနိက အဆောက်အအုံတွေအပါအဝင် လူနေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ အများအပြား ထိခိုက်သွားတယ်လို့ ကျောက်ဖြူစ စ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
"လက်နက်ကျည်တွေ ဗုံးတွေကျလို့ လူနေအိမ်တွေ ဘုန်းကြီးကျောင်းတွေပြိုတယ်။ အိမ်မွေး တိရစ္ဆာန်တွေ အများကြီးသေတယ်။ လူအထိခိုက်တော့မရှိဘူး " လို့ ဆိုပါတယ်။
ဇွန် ၆ ရက်ကလည်း ကျောက်ဖြူမြို့နယ်က ဘယာရွာ၊ ကုလားတွင်းရွာနဲ့ သစ်ကတိုးရွာစတဲ့ ရွာသုံးရွာကိုလည်း စစ်တပ်က Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ယောက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။










