
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှာ ဩဂုတ် ၃ ရက် ညကစပြီး ရေကြီးရေလျှံနေတယ်လို့ MNDAA ဆီက သိရပါတယ်။
နမ့်ပေါင်ကျေးရွာ အုပ်စု ၁ မှာ မနေ့ညကနေ ဒီကနေ့မနက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံလာတာကြောင့် ကိုးကန့်တပ်က အရပ်သားတွေကို ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းပေးတာ၊ ပစ္စည်းတွေကို သယ်ယူရွှေ့ပြောင်းတာတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
MNDAA သတင်းအရင်းအမြစ်က “ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လူအင်အား ၈၀ ကျော် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အသေးစိတ် ပျက်စီးဆုံးရှုံးမှုတွေကိုတော့ စာရင်းကောက်ယူနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေကြောင့် နမ့်ပေါင်ချောင်းရေ မြင့်တက်လာတာကနေ ချောင်းကမ်းဘေး နေအိမ်တွေကို ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
နမ့်ပေါင်ဒေသခံတယောက်က “မိုးဆက်တိုက်ရွာလို့ နေအိမ်တွေထဲ ရေဝင်တာ။ ချောင်းတလျှောက်က နေအိမ်တွေက ဒေသခံတွေတော့ ရွှေ့ထားကြပြီ” လို့ ပြောပါတယ်။
နမ့်ပေါင်ကျေးရွာဟာ လားရှိုးမြို့အပိုင်ဖြစ်ပေမဲ့ တရုတ်ဖိအားကြောင့် ကိုးကန့်တပ်တွေ လားရှိုးကနေ နမ့်ပေါင်ကျေးရွာအထိ ဆုတ်ခွာပေးလိုက်ရပြီး နမ့်ပေါင်ကို ကိုးကန့်တပ်က အထူးဒေသ ၁ သိန္နီခရိုင်ထဲ ထည့်သွင်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။










