
ထိုင်းတောင်ပိုင်းက ခရိုင် ၃ ခုမှာ ဩဂုတ် ၂၂ ရက် ညက ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး တိုးမြှင့်ထားပြီး ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် အဲဒီဒေသမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်က နာရာသီဝပ်၊ ယာလာနဲ့ ပတ္တနီခရိုင်တို့မှာ ဩဂုတ် ၂၂ ရက် ညပိုင်းကစပြီး ဗုံးပေါက်ကွဲတာ၊ မီးရှို့ခံရတာနဲ့ အဆောက်အအုံ၊ မော်တော်ယာဉ်ပစ္စည်းတွေ ဖျက်ဆီးခံရတာတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။
ခရိုင် ၃ ခုက နေရာပေါင်း ၂၀ ကျော်မှာ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း ၅၁ ခု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နာရာသီဝပ်ခရိုင်မှာ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီခရိုင်အတွင်း အရေးပေါ် အခြေအနေ ကြေညာကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ထိုင်းတောင်ပိုင်း- LRF Foundation တာဝန်ခံ ဦးဘရီက “ကျနော်တို့ ထိုင်းတောင်ပိုင်းမှာ နေလာတဲ့ သက်တမ်းတလျှောက်မှာ ဆိုလို့ရှိရင် အဆိုးရွားဆုံး အခြေအနေလို့ ပြောလို့ရတယ်။ အခု လက်ရှိ အခြေအနေမှာကျလို့ရှိရင် အလုပ်သမားတွေအနေနဲ့ ဒီ အသွားအလာ ဆင်ခြင်ဖို့အတွက်၊ နောက်ပြီးတော့ ခက်ခဲတဲ့ နေရာတွေကို အချိန်မတော် မသွားဖို့ အသိပေးထားတာတွေ ရှိတယ်။ နောက်ပြီး ညဘက် မထွက်ရဖို့ ကာဖျူးအမိန့် ထုတ်ထားတာ ရှိတယ်။ လက်ရှိအခြေအနေမှာတော့ လူအသေအပျောက်တော့ မရှိသေးဘူး။ နေ့ဘက်တွေကျတော့ သွားလာလို့ရတယ်။ ဒါပေမဲ့ အခုဆိုရှိရင် တော်တော်များများကတော့ ကြောက်ကြတယ် မသွားရဲကြဘူး။ အခု ထိုင်းတွေဆိုရင် တော်တော်ကို ကြောက်တယ်။ ကျနော်တို့ မြန်မာတွေ ဆိုရင်တောင်မှ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ သွားလာတာတွေ ရှိပေမဲ့ ထိုင်းတွေဆိုရင် အခု ယလာတို့၊ ပတ္တနီတို့၊ နာရာသီဝပ် ဘက်တွေဆိုရင် လုံးဝကို မသွားကြတော့တာ” လို့ ပြောပါတယ်။
ကာဖျူးအမိန့် ကြေညာထားတဲ့ နာရာသီဝပ်မှာ အရေးပေါ်ကိစ္စကြောင့် ထွက်ခွာဖို့လိုရင် သက်ဆိုင်ရာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေထံ ခွင့်ပြုချက်ရယူဖို့လည်း အသိပေးထားပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုထင်း ကလည်း ဩဂုတ် ၂၃ ရက်မှာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး နာရာသီဝပ်၊ ယာလာနဲ့ ပတ္တနီတို့ရဲ့ အခြေအနေကို သုံးသပ်ခဲ့ပါတယ်။ ယာလာကိုတော့ လုံခြုံရေးအဆင့် အမြင့်ဆုံးထားပြီး တပ်ဖွဲ့တွေကို အထူးသတိထား ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာလုပ်သားတွေအနေနဲ့ မလိုအပ်ဘဲ လူစုလူဝေးနဲ့ သွားလာတာတွေကို ရှောင်ဖို့နဲ့ ကိုယ့်ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို အမြဲဆောင်ထားဖို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “အလုပ်ရှင်အမျိုးမျိုးက ဘယ်လိုပုံစံနဲ့ခိုင်းခိုင်း ညရေးညတာ အပြင်မထွက်ရဆိုတဲ့ အမိန့်ကို လေးလေးစားစား လိုက်နာတဲ့အပြင်မှာ သာမန် အလုပ်ချိန်အတွင်းမှာလည်း ကိုယ့်ရဲ့ စာရွက်စာတမ်းတွေ အပြည့်အစုံတွေ ကိုင်တွယ်ပြီး သွားဖို့ရယ်၊ လက်နက်နဲ့ ပုံသဏ္ဌာန်ချင်းတူတဲ့ စူး ဆောက် ဓား တန်ဆာပလာတွေအစ ကိုင်ဆောင်သွားမယ်ဆိုရင်လည်း သက်ဆိုင်ရာ ထိုင်းလုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်းရှင်ရဲ့ ကိုယ်စားလှယ် ထိုင်းနိုင်ငံသားတဦးဦးဖြစ်စေ သူ့ရဲ့ အာမခံမှုနဲ့ သူနဲ့ ပူးတွဲသွားတာမျိုး၊ မော်တော်ယာဉ်နဲ့အတူ သွားတာမျိုးဖြစ်စေ အဲဒါမျိုး လုပ်သင့်ပါတယ်။ နောက် မလိုအပ်ဘဲနဲ့ သာရေး နာရေး လူမှုရေး လုပ်ငန်းတွေ အစုလိုက် အစုလိုက် အဖွဲ့လိုက် လုပ်တာလေးတွေ နည်းနည်း ရှောင်ဖို့ရယ် ဒေသတွင်းမှာရှိတဲ့ အစ္စလာမ် ဘာသာဝင် လုပ်ငန်းရှင်တွေဆီကနေ အပြည့်ဝ အာမခံမှုနဲ့ အကာအကွယ် စောင့်ရှောက်မှုကို ရဖို့ အခုတည်းက နှိမ့်နှိမ့်ချချ ပြောဆိုထားဖို့ကို အလေးအနက် မှာကြားချင်ပါတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၂၂ ရက်ညက ဖြစ်စဉ်တွေအတွက် လက်ရှိအချိန်အထိ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါကြောင့် မြန်မာလုပ်သားတွေအနေနဲ့ လူမျိုး၊ ဘာသာအပေါ် အခြေခံပြီး မလိုအပ်တဲ့ အငြင်းပွားမှုတွေ မဖြစ်အောင် သတိထားဖို့ လိုတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက ဖြစ်စဉ်တွေကို အသေးစိတ် စစ်ဆေးနေပြီး ဒီလို ပေါက်ကွဲမှုတွေ ထပ်မဖြစ်အောင် ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်ဒေသမှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။











