
စစ်တပ်နဲ့ ကြံ့ခိုင်ရေးထောက်ခံသူ သရုပ်ဆောင် အကယ်ဒမီ နေအောင် က စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကိုထွက်ခွာသွားကြတဲ့ လူငယ်တွေကိုပြစ်တင်ဝေဖန်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် မစွန့်ချင်ဘူးလားလို့ မေးခွန်းထုတ်လာပါတယ်။
စက်တင်ဘာ ၁၁ ရက်ကလုပ်တဲ့ စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေရိုက်ကူးလေ့ရှိသူ တင်အောင်စိုး(ပန်းမြို့တော်) ရဲ့ ‘တောစီး ဖိနပ်ကလေးရဲ့ အိမ်ပြန်ချိန်’ ဇာတ်ကားအကြိုပြသပွဲမှာ အကယ်ဒမီနေအောင်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။
“အခုက စစ်မှုထမ်းတွေနဲ့ဖြစ်ပြီး လူတွေကကြောက်လို့ နိုင်ငံခြားပြေးကြတာ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ် ရှူပြီးတော့ ဒီတိုင်းပြည်အတွက်မှ ဘာမှအကျိုးမပြုရင် အဲဒီလူ ယောက်ျား၊ မိန်းမက ဘာဖြစ်သွားမလဲ။ ကိုယ့်ဟာကိုယ် စဉ်းစားဖို့ပြောတာ။”
သူကတော့ စစ်သား သားသမီးဖြစ်တဲ့အတွက် စစ်တပ်မှားတယ်၊ မှန်တယ်မသိဘဲ ယူနီဖောင်းမြင်ရုံ နဲ့တင် ချစ်တယ်လို့လည်း ဆိုပါတယ်။
“ကျနော်က စစ်သား သားသမီး၊ သတ်လည်း သေသွားမယ်။ စစ်တပ်မှားတယ်၊ မှန်တယ် ကျနော် မသိဘူး။ ယူနီဖောင်းမြင်ရင်ကို ချစ်တာလေ” လို့ အကယ်ဒမီနေအောင်က စစ်တပ်ကို ထောက်ခံ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကစလို့ အတင်းအဓမ္မ ဖမ်းဆီးခံရတာ၊ တပ်သားသစ်စုဆောင်းခံရတာနဲ့ ပေါ်တာ ဆွဲခံ ရတာတွေကြောင့် လူငယ်တွေဟာ ပြည်ပကိုရရာနည်းလမ်းနဲ့ သွားရောက် အလုပ်လုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဓမ္မစစ်မှုထမ်း ဖမ်းဆီးခံရပြီး ရှေ့တန်းမှာ သေဆုံးတာ၊ ဒဏ်ရာရတာ၊ မိသားစုနဲ့ အဆက်အသွယ်မရတဲ့ လူငယ်တွေလည်း အများအပြား ရှိနေပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစကတည်းက အထိနာခဲ့တဲ့ မြန်မာစစ်တပ်ဟာ လက်ရှိ အချိန်မှာလည်း နိုင်ငံတဝန်းက စစ်မြေပြင်တွေမှာ အထိနာနေပြီး လက်နက်ချ အညံ့ခံရတာတွေ၊ ထိခိုက်ကျဆုံးတာများနေတဲ့အတွက် တရားမဝင် စစ်မှုထမ်းဥပဒေသုံးပြီး တပ်သားသစ် စုဆောင်းတာအပြင် ရန်ကုန်နဲ့ မန္တလေးအပါအဝင် ဒေသအသီးသီးက လူငယ်တွေကို အဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေလုပ်ပြီး တပ်သားသစ် စုဆောင်းနေရတာပါတယ်။
အကယ်ဒမီနေအောင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလမှာလည်း စစ်ဗိုလ်ချုပ်တွေ ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ထောက်ခံပွဲကို အခကြေးငွေယူပြီး လိုက်လံဝန်းရံပေးခဲ့ပါသေးတယ်။
အဲဒီအခမ်းအနားတွေမှာလည်း သူဟာ စစ်တပ်ကိုထောက်ခံကြောင်းနဲ့ စစ်သားတွေကို ချစ်တဲ့ အကြောင်း မကြာခဏပြောခဲ့ပါသေးတယ်။
တင်အောင်စိုး (ပန်းမြို့တော်) ရဲ့ စစ်တပ်ဝါဒဖြန့် ဇာတ်ကားပြပွဲမှာ ရုပ်ရှင် မင်းသားမင်းသမီးတွေ တက်ရောက်ခဲ့တာတွေ့ရပြီး စစ်မှုထမ်းနဲ့ပတ်သက်တဲ့ အင်တာဗျူးရုပ်သံဖိုင်တွေကို စစ်အုပ်စုရဲ့ လက်ဝေခံမီဒီယာတွေက အခုရက်ပိုင်းမှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။











