
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရက်ကန်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ချည်ဈေးနဲ့ စက်သုံးဆီဈေး မြင့်တက်တာကြောင့် လုပ်ငန်းတွေဆက်လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးပြတ်လပ် ဈေးအဆမတန်မြင့်တက်လာပြီး သယ်ယူစရိတ်နဲ့ ချည်ကုန်ကြမ်းတွေ ဈေးတက်လာပေမဲ့ အထည်ဈေးမတက်ဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါကြောင့် ရက်ကန်းစင် ၅ စင်နဲ့အောက်ရှိတဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းရပ်နားထားရမဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပြီး ၅ စင်အထက်ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ အလုပ်သမား ထိန်းတဲ့အနေနဲ့ လုပ်ငန်းကို ခက်ခက်ခဲခဲ လည်ပတ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတယောက်က “ဆီဈေးတက်တော့ သယ်ယူစရိတ်တွေကလည်းတက်ပြီး ချည်ဈေးက ထိုးတက်သွားတယ်၊ အထည်(လုံချည်)ဈေးက တက်မရဘူး။ လျှပ်စစ်မီးမရလို့ အင်ဂျင်စက်မောင်း ခတ်ရတာ။ ဒီဇယ်တဂါလန် ၄ သောင်းဈေးနဲ့ ရက်ကန်းစင်နည်းတဲ့သူတွေဆိုရင် စက်မမောင်းနိုင်တော့ဘူး။ ၂၄၀၀၀ တန် ချက်ဆီနဲ့ မောင်းရတာ၊ အမြတ်ကျန်လို့တော့ မဟုက်ဘူး။ ကိုယ်က ရပ်လိုက်ရင် ကိုယ့်နောက်က အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်မှာက များတယ်။ အဲဒါကြောင့် အလုပ်သမားထိန်းရုံလောက်ပဲ လည်ပတ်နေရတာ” လို့ ပြောပါတယ်။
အရင်က ဒီဇယ် တဂါလန် ၁၄,၀၀၀ ကျပ်၊ ကုန်ကြမ်းချည်တထုပ် ၁၈၀,၀၀၀ ကျပ် ရှိခဲ့ရာက မတ်လဆန်းပိုင်းကစတင်လို့ ဒီဇယ်ဈေးဟာ တရိပ်ရိပ် မြင့်တက်ခဲ့ကာ အခုချိန်မှာ ဒီဇယ် တဂါလန် ၄၀,၀၀၀ ကျပ်၊ ကုန်ကြမ်းချည်တထုပ် ၂၀၅,၀၀၀ ကျပ် ဈေးရှိလာခဲ့ပြီး ဒီဇယ်တဂါလန် ၁၀,၀၀၀ ကျော်၊ ချည်တထုပ် ၂၀,၀၀၀ ကျော် မြင့်တက်လာတယ်လို့ ဆိုပါတယ်။
စက်သုံးဆီဈေး မြင့်တက်ပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ရက်ကန်းလုပ်ငန်းတွေကို မှီခိုနေတဲ့ အလုပ်သမားအများစုမှာလည် စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။
အလုပ်သမားတယောက်က “အလုပ်က တနေကုန်လုပ်မှ အလွန်ဆုံး ၁၃,၀၀၀ ပဲ ရတာ၊ အလုပ်သွားအလုပ်ပြန် ၂ ရက်ကို ဓာတ်ဆီက ၁ လီတာ ကုန်တယ်။ ဓာတ်ဆီ ၁ လီတာ ၁၃၀၀၀ ဆိုတော့ ၂ ရက်လုပ်မှ တရက်လုပ်အားခပဲရတာ၊ ကိုယ်တယောက်လုပ်စာက ကိုယ်တယောက်စာပဲမို့ မိသားစု စားဝတ်နေရေး ခက်ခဲနေတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ လျှပ်စစ်မီးမရတာကြောင့် ရက်ကန်းလုပ်ငန်းတွေဟာ အင်ဂျင်စက်တွေကို အသုံးပြုလုပ်ကိုင်နေရပြီး ဒီဇယ်ဈေး အဆမတန် မြင့်တက်နေတာကြောင့် ဒီဇယ်အစား ချက်ဆီ အသုံးပြုနေပေမဲ့ ချက်ဆီဒီဇယ်ဈေးလည်း တက်နေလို့ အခက်ကြုံနေရတာပါ။
အရင်က ရွှေဘိုမြို့နယ်ကနေထွက်တဲ့ ရိုးရာချည်ထည် လုံချည်၊ ပုဆိုးတွေဟာ တနိုင်ငံလုံးကို ဖြန့်ချိရောင်းချနိုင်ခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရွှေဘိုနယ်မှာ ရက်ကန်းလုပ်ငန်းတွေ သိသိသာသာ ကျဆင်းသွားတယ်လို့ သိရပါတယ်။










