DVB Logo
Home
မြန်မာသတင်း
စုံ၊ မ စနစ် ဖျက်သိမ်းလိုက်သော်လည်း QR နှင့် စက်သုံးဆီဝယ်နေရဆဲဖြစ်၍ အခက်ကြုံ
ဝေဝေ
·
September 14, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စုံရက် မရက် ခွဲခြားမောင်းနှင်ရတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပေမဲ့ လမ်းမတွေပေါ်မှာတော့ ထူးခြားတဲ့ ပြောင်းလဲမှုတွေမရှိဘဲ ကိုတာစနစ်နဲ့ စက်သုံးဆီ ဝယ်နေရဆဲ ဖြစ်တာကြောင့် အခက်အခဲတွေ ကြုံနေရဆဲဖြစ်တယ်လို့ ရန်ကုန်က ယာဉ်မောင်းတွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်စကလို့  စုံ၊ မ စနစ်ကို ဖျက်သိမ်းလိုက်ပြီး မော်တော်ကားတွေအနေနဲ့  နိုင်ငံတော်စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြည့်တဲ့နေရာမှာတော့ QR (ကိုတာ၊ စုံ၊ မ စနစ်) ကို ဆက်လက်ထားရှိသွားမယ်လို့ စစ်အာဏာရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဆိုပါတယ်။

အခုလို စုံရက်မှာ စုံနံပါတ်နဲ့ကားထွက်ပြီး မ,ရက်မှာ မ,နံပါတ်နဲ့ကား ထွက်ရမယ်ဆိုတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပေမဲ့ စုံနံပါတ်ကားက စုံနေ့မှာပဲ ဆီဖြည့်လို့ရပြီး မ,နံပါတ်ကားကလည်း မ,ရက်မှာပဲ ဆီဝယ်ယူလို့ရနေတဲ့ အခြေအနေဟာ လက်ရှိ ယာဉ်မောင်းတွေ ကြုံနေရတဲ့ အခက်အခဲဖြစ်တယ်လို့ ကိုယ်ပိုင်ကားမောင်းနှင်သူ တယောက်က DVB ကို  ပြောပါတယ်။

“စုံ၊ မ စနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ကျနော်တို့ သွားရတာ အဆင်ပြေလာတယ်ပေါ့။ အရေးကြီးဆုံး အခက်အခဲက ဆီပဲ ပြောရမှာပေါ့ဗျာ။ ဆီကိုလည်း ကိုတာနဲ့ပေးတဲ့ ကန့်သတ်ချက်ကို ပြန်လည်ပြီးတော့ ဖြေလျှော့ပေးစေချင်တယ်။ ဒါပေမဲ့ ကျနော့်စိတ်ထင်တော့ သူတို့ ဆီကိုတော့ ကန့်သတ်ထားမယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကြားထားတာ အခုလက်ရှိ ဈေးကွက်ထဲမှာ ရောက်နေတဲ့ ဆီတွေကလည်း အရည်အသွေး မပြည့်ဘူးပေါ့နော်။ ရှေ့လျှောက် ပိုဆိုးဖို့ပဲ ရှိတယ်ဆိုပြီး သတင်းတော့ ကြားထားတယ်။ ကိုယ်သုံးမယ်ဆိုရင်လည်း ချိန်ပြီးသုံးရတယ်။ ချိန်ပြီးမသုံးဘူးဆိုရင် ကျနော်တို့ တခြား အပြင်က ဈေးကွက်ကနေ ဝယ်ရမယ်ပေါ့နော်။ အပြင်ဈေးကွက်က ဝယ်မယ်ဟေ့ဆိုရင် 95 တလီတာကို အနိမ့်ဆုံး ၆,၀၀၀၊ ၆,၅၀၀ အဲလိုမျိုး ပေးရတယ်။ စက်သုံးဆီကို ပြန်အဆင်ပြေစေချင်တယ်။ ယဉ်ကြောပိတ်ဆို့မှုကတော့ အရင်တုန်းကထက် နည်းနည်းလေးပဲ ပိုကောင်းလာပါတယ်။ ဒါပေမဲ့ လမ်းပေါ်မှာက ဒီလိုပါပဲ။ အရမ်းကြီးတော့ အရမ်းမထူးခြားဘူးပေါ့နော်။”

စက်တင်ဘာ ၁၄ ရက်နေ့အတွက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ လက်လီဈေးနှုန်းတွေကတော့ ရန်ကုန်မှာ 92 တလီတာကို ၃,၈၂၅ ကျပ်၊ 95 တလီတာကို ၃,၉၅၀ ကျပ်နဲ့ HSD (High Speed Diesel) -5000 PPM  တလီတာ ၄,၁၅၀ ကျပ်နဲ့ HSD (High Speed Diesel) -50 PPM နဲ့ -10 PPM တလီတာက ၅,၀၅၀ ကျပ် ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ စက်သုံးဆီဈေးတွေ တက်နေတာကြောင့် ဆီဝယ်ယူတာကို ထိန်းချုပ်ရမှာ မဟုတ်ဘဲ ဆီဈေးကို ထိန်းချုပ်ရမှာဖြစ်တယ်လို့ ယာဉ်မောင်းတွေက မှတ်ချက်ပြုပါတယ်။

ယာဉ်မောင်းတယောက်က “စုံ၊ မကိုပဲ သက်သက်ဖမ်းတဲ့ traffic police တွေ ရှိတယ်လေ။ တရားဝင် ဖျက်သိမ်းလိုက်ပြီဆိုတော့ မရှိတော့ဘူးပေါ့ အဲဒီစိတ်ပူရတာ။ ရန်ကုန်မြို့တွင်း ကားအသွားအလာ အရမ်းကြီးတော့ ထူးခြားမသွားပါဘူး။ နည်းနည်းတော့ ကားပိုများလာတယ်လို့ ထင်တယ်။ 92, 95 ပြတ်တယ်၊ ဒီဇယ်ပဲရတယ်ဆိုတဲ့ ကိစ္စမျိုးလေးတွေ ရှိလိုက်တယ်။ ဒီ ၃၊ ၄ ရက်လောက်တော့ တခါ ဆီပြန်ပြီးရနေတာ တွေ့ရတယ်ပေါ့။ ဒီလို နိုင်ငံရေးအခြေအနေတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ ဆီကလည်း ပြတ်သွားသလိုလို ဖြစ်လိုက်ပေါ့ ပြီးတော့ ပြန်ရလိုက်ပေါ့။ လက်ရှိဆီဈေးနှုန်းက တက်တယ်ဗျာ။ ဒီနေ့ ရေနံဈေးတက်တယ် ဆိုလို့ရှိရင် မနက်ဖြန် မြန်မာနိုင်ငံမှာ ဆီဈေး ကျိန်းသေပေါက်တက်ပြီ။ ကျတဲ့အချိန်ကျ သူက နှေးတာ။ ကိုယ်လိုသလောက် ဝယ်လို့ရတာကတော့ အဆင်ပိုပြေတာပေါ့နော်။ QR နဲ့ ဝယ်နေရတာ ဘယ်အဆင်ပြေမလဲ။ ဆီဈေးကလည်း ကြီးနေတယ်ဆိုတော့ ဘယ်သူမှတော့ အားအားယားယား လမ်းပေါ်တက်ပြီး ကားပတ်မောင်းမနေဘူးပေါ့ဗျာ ပြောချင်တာနော်။ တကယ်လိုမှ ဝယ်ရတာ ဆိုတဲ့အခါကျတော့လေ” လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက်  မော်တော်ယာဉ်တွေ စုံ၊ မ ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်မှာ စစ်အာဏာရှင်က စတင်ကျင့်သုံးဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013